တက္ကသိုလ်ဝင်တန်း အောင်စာရင်း လာရောက်ကြည့်ရှုချိန်တွင် လူစုလူဝေးမဖြစ်စေရန် ကြပ်မတ်သွားမည်

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ဩဂုတ် ၁၀ ရက်တွင် သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းများတွင် လာရောက်ကြည့်ရှုနိုင်ပြီး လူစုလူဝေးမဖြစ်ပေါ်စေရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဩဂုတ် ၉ ရက် နံနက် ၀၀ နာရီ ၃၀ မိနစ် တွင် ပညာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် အောင်စာရင်းထုတ်ပြန်ရာ၌လည်း လူအုပ်စုမဖြစ်ပေါ်ရေး ကြပ်မတ်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟို ​ကော်မတီမှလည်း ညွှန်ကြားထားသည်။

“အောင်စာရင်းအပလီကေးရှင်းထဲဝင်လိုက်တာနဲ တိုင်း/ပြည်နယ် ကျောင်းအကုန်ပါပြီး သား ဖြစ်တဲ့အတွက်ကြောင့်မို့ အင်တာနက်ရတဲ့နေရာတိုင်းမှာ အလွယ်တကူ ကြည့်ရှုနိုင် မှာဖြစ်ပါတယ်။ ၉ ရက်မှာပဲ တိုင်းဒေသကြိး၊ ပြည်နယ်က တိုင်းပညာရေးမှူးတွေကို သူတို့ မြို့နယ်တွေ၊ ကျောင်းတွေမှာ ထိန်းသိမ်းနိုင်ဖို့ရာ အောင်စာရင်းတွေကိုပေးပါလိမ့်မယ်။ စာစစ်ဌာနအလိုက် hard copy တွေထုတ်ပြီးတော့ နောက်တစ်နေ့ ၁၀ ရက်မှာတော့ သတ်မှတ်ထားတဲ့ နာရီအတိုင်း ကျောင်းအုပ်ကြီး ဦးဆောင်ပြီး ဆရာ/ဆရာမတွေရဲ့ ကြီးကြပ်မှုနဲ့ အောင်စာရင်းတွေကို တစ်ယောက်ချင်းစီအလိုက် မကပ်တော့ဘဲ စာရွက်ချပြီး ကြည့်ချင်တဲ့ခုံနံပါတ်ကို ကြည့်လို့ရအောင်လုပ်မယ်။အဲ့လိုကြည့်တဲ့အခါမှာလဲ social distancing ထားပြီးတော့ mask တွေတပ်ခိုင်းပြီး လက်ဆေးပြီးတော့မှ ဝင်ကြည့်ခိုင်းမှာဖြစ်ပါတယ်” ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းကျော်ရှိပြီး ခြောက်သောင်းကျော် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ရှစ်သိန်းကျော်ရှိသည့်အနက် လေးသောင်းကျောင်း ပျက်ကွက်ခဲ့သည်။

သတင်း-သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်