ဆိပ်သာ၊ဟင်္သာတတနှင့်ဇလွန်မြို့များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက်​ကျော်လွန်

ဆိပ်သာ၊ဟင်္သာတနှင့် ဇလွန်မြို့များတွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ​ကျော်လွန် ​နေပြီး အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

“ဒီဧရာဝတီမြစ်ဆိုရင်တော့ ညောင်ဦး၊ ညောင်ဦးမှာတော့ပေဝက်လောက်ကျန်သေးတယ်။မနက်ဖြန်ညလောက်ဆိုရင်တော့ စိုးရိမ်ရေမှတ်အောက်ကျသွားနိုင်ပါတယ်။ စိုးရိမ်ရေမှတ် အထက်မှာရှိတာက ဆိပ်သာရယ်၊ ဇလွန်ရယ်၊ဟင်္သာတရယ်။ဒီမြို့နယ်တွေကတော့နောက် နှစ်ရက် သုံးရက်လောက်နေရင်တော့ စပြီးပြန်ကျမယ့်အနေအထားရှိပါတယ်။လက်ရှိတော့ စိုးရိမ်ရေမှတ်အထက်ကိုကျော်နေတယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကစံတော်ချိန်ကိုပြောသည်။

ယခုလက်ရှိတွင် ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ၊ဟင်္သာတမြို့တွင် ပေဝက်ခန့်နှင့် ဇလွန်မြို့တွင် ပေဝက်ခန့်မြင့်တက်လျက်ရှိနေသည်။

ထို့ကြောင့်ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကညွှန်ကြားထားသည်။

ယခုရက်ပိုင်းတွင် ပင်လယ်ပြင်ခရီးမသွားကြရန်၊မုတ်သုံလေ အားကောင်းရာက အားအလွန်ကောင်းနေသည့် အနေအထားမျိုးရှိနေသောကြောင့် ပင်လယ်ပြင်တွင် ရံဖန်ရံခါမိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျချိန်တွင် လက်ရှိမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းထန်နေသည့် အနေထားမျိုးရှိကြောင်း ဒေါက်တာကျော်မိုးဦးက ပြောကြားခဲ့သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန