စင်လကုမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် နေရာကွက်ကြားနှင့် ဒေသအလိုက်မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် နေရာကွက်ကြားနှင့် ဒေသအလိုက်မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

ဩဂုတ် ၁ ရက် မြန်မာစံတော်ချိန်နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တိုင်းထွာချက်များအရ တုံကင်ပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “စင်လကု” (Sinlaku) သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့(Hanoi)၏ အရှေ့တောင်ဘက် ရေမိုင်(၁၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး၊ အနောက်ဘက်သို့ ရွေ့လျား နိုင်ကာ၊ ဗီယက်နမ်နိုင်ငံအထက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

“မုန်တိုင်းရဲ့ အကြွင်းအကျန်ရယ် မုန့်သုတ်လေအားကောင်းရာကနေ အားအလွန်ကောင်း ​နေတာကြောင့်ရယ် တိုင်းဒေကြီးနဲ့ ပြည်နယ်တော်တော်များများမှာ နေရာအနှံ့ မိုးရွာနိုင်တယ်။ တချို့တိုင်းနဲ့ပြည်နယ်တွေမှာတော့ နေရာကွက်မိုးကြီးတာ ဒေသအလိုက် မိုးကြီးတာတော့ဖြစ်နိုင်တယ်။ မွန်၊ကရင်၊တနင်္သာရီ၊ရှမ်း၊ကယား၊ ပဲခူး၊ရန်ကုန်၊ဧရာဝတီနဲ့ ရခိုင်တို့မှာ နေရာကွက်မိုးကြီးတာ ဒေသအလိုက်မိုးကြီးတာတို့ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း မုန်တိုင်းကပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးရနိင်တဲ့ အနေထားမျိုးရှိပါတယ်” ဟု ဒေါက်တာကျော်မိုးဦးကပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း စင်လကုသည် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီး Thanh Hoa မြို့အနီးတွင် တည်ရှိနေပြီး အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ကာ လာအိုနိုင်ငံပေါ်တွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သတင်း-သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန