ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပိုမိုပါဝင်လာရေး ကြိုးပမ်းမှု လိုရာပန်းတိုင်သို့ မရောက်သေးဟုဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပိုမိုပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်မှုမှာ လိုရာပန်းတိုင်သို့ မရောက်သေးကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာလည်း မိမိတို့အနေနဲ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ လိုရာပန်းတိုင်ကို မရောက်ရှိသေးပါဘူး’ဟု ၎င်းက ပြောဆိုသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ( NRPC)တွင် ဩဂုတ် ၁ ရက်ကပြုလုပ်သော အစိုးရနှင့် NCA-S EAOs တို့ တွေ့ဆုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာ၌ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် (၈)ကြိမ် မြောက် JICM ဆုံးဖြတ်ချက် အမှတ် (၁) ဖြစ်သည့် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းအစည်းအဝေး (Bilateral Meeting)နှင့် JMC အစည်းအဝေးများအား အပြိုင် ကျင်းပသွားရန်ဆိုသည့် အပေါ် နှစ်ဦးနှစ်ဖက်၏ အမြင်သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှု မတူညီသည်များကို အကျေအလည်၊ ပွင့်ပွင့်လင်းလင်း ဖြင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ့်မူ၊ သူ့မူ အခိုင်အမာ ကိုင်စွဲပြီး တစ်ဖက်နဲ့တစ်ဖက် အကျပ်အတည်းဖြစ်စေနိုင်တဲ့၊ ညှိနှိုင်း အဖြေရှာဖို့ခက်ခဲစေနိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်’ ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအကျိုးနှင့် အားလုံးအကျိုးအတွက် နှစ်ဖက် လက်ခံကျေနပ်ပြီး မျှမျှတတဖြစ်မည့် ထိုက်သင့်သည့်အပေးအယူ၊ အလျှော့အတင်းများကို လိုအပ်သလို ဆောင်ရွက်ပေးရေး ဝန်မလေးကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၈) ချက်ရရှိခဲ့ပြီး အဆိုပါဆုံးဖြတ်ချက် (၈)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကောင်အထည် ဖော်ဆောင်ရွက်ပြီးသည့် အချက်များနှင့် အကောင်အထည် မဖော်နိုင်သေးသည့် အချက်များလည်းရှိကြောင်း၊ အကောင်အထည် မဖော်နိုင်သေးသည့်အချက်များ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့် ကော်မတီအသီးသီးက ကြိုးပမ်းညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုသည်။

အဆိုပါ (၈) ကြိမ်မြောက် JICM အစည်းအဝေးအပြီးတွင် UPDJC နှင့် JMC အစည်းအဝေးများကို နှစ်လအတွင်း ခေါ်ယူ ကျင်းပရန် သဘောတူထားသည့်အတိုင်း UPDJC အစည်းအဝေးကို ကျင်းပနိုင်ခဲ့သော်လည်း JMC-U အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှသာ ကျင်းပနိုင်ခဲ့ပြီး JMC-S အစည်းအဝေးများ ကျင်းပနိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းနေကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်အတွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးများကို ပြန်လည် ကျင်းပရန် (၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း (၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်တွင်လည်းကောင်း၊ (၁၉)ကြိမ် မြောက် JMC-U အစည်းအဝေးကို ဇူလိုင် ၇ ရက်နှင့် ၈ရက် များတွင်လည်းကောင်း ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

‘ကာလအတန်ကြာရပ်နားခဲ့ရတဲ့ UPDJC နဲ့ JMC-U အစည်းအဝေးတွေ ပြန်လည်စတင်နိုင်ခဲ့ခြင်းဟာလည်း တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို စိတ်ရှည်ရှည်နဲ့သည်းခံပြီး ကျွန်တော်တို့ အပေးအယူ၊ အလျှော့အတင်းတွေနဲ့ ညှိနှိုင်းမယ်ဆိုရင် အောင်မြင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်’ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦးက ပြောဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)အရ UPDJC နှင့် JMC သည် နိုင်ငံရေးဆွေးနွေးမှုအပိုင်းအလိုက် တပ်ပိုင်းဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး ခိုင်မာရေး အပိုင်းများကို တာဝန်ယူထားရသည့် ယန္တရားကြီးများဖြစ်သည်နှင့်အညီ ယင်းအစည်းအဝေးများမှာ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် အစည်းအဝေးများဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် (၈) ကြိမ်မြောက် JICM သဘောတူချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများကို ခြောက်ကြိမ်ကျင်းပနိုင်ခဲ့ပြီး ယင်းအစည်းအဝေးများတွင်လည်း သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း၊ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမည့်အကြောင်းအရာ ခေါင်းစဉ်များကို နှစ်ဖက်ညှိနှိုင်းနေသကဲ့သို့ NCA အခန်း (၃)နှင့် (၄)တွင်ပါရှိသည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ် များကို ၂၀၂၀ အလွန်တွင် ဆွေးနွေးမည့်ပုံစံ လျာထားချက်များကိုလည်း နှစ်ဖက်သဘောတူညီနိုင်ခဲ့ပြီဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောဆိုသည်။

သတင်း – မင်းမင်းထွန်း