ရုပ်ရှင်သမိုင်းထဲက တောင်ပေါ်မြေမှ မြေပြန့်ပန်း

‘ဪ….ဂိမှာန်အတာ၊ ချိန်အခါကို၊ စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွမှာ၊ အလှငယ် ထူးချွန်၊သုံးရွေ့မှူး၊ ကြော့ကြူးလွန်တို့၊ လွမ်းဝှန် ရှည်ပြန့်၊ ဆည်မတံ့အောင်၊ ငွေနားပန်ရှင်၊ တော မီးခင်လည်း၊ မနှင်ထွန်တိုက်၊ ချွန်စူးငယ်စိုက်လို့၊ အလိုက်ကယ်စာရေ၊ စဉ်ဆက်မျိုးလာ၊ ကြက်ရိုးစာနှင့်၊ ဘာသာငယ်ပွေသည်၊ ခေါင်ရည်ပျော်ပွဲဖွဲ့ကြတယ်’

အထက်ပါ အဖွဲ့အနွဲ့ကြောင့် ဆရာကြီး ဦးကြင်ဥသည် နာဂတောင်တန်းခရိုင်သို့ ရောက်ဖူး၍များ စပ်ဆိုခဲ့လေသလောဟု နာဂတောင်တန်းသား စာရေးဆရာမောင်ကြည်ဇင်က တွေးထင်ခဲ့လေသည်။

နာဂတောင်တန်းခရိုင် ဟတ္ထိရွာသို့ စာရေး ဆရာမောင်ကြည်ဇင်၊ ရုပ်ရှင်မင်းသားထွန်းဝေ၊ ဒါရိုက်တာ ဦးကျော်သန်းနှင့် ပန်းချီဆရာကြီး ဦးဘရင်ကလေးတို့ လေးဦးသား သွားခဲ့ကြစဉ်က ဖြစ်သည်။ သူတို့လေးဦးသား ဟတ္ထိရွာသို့ ရောက် သောအချိန်ကာလသည် ၁၉၆၅ ခုနှစ် မတ် ၁၂ ရက်ဖြစ်၍ တောပန်းပြာကလေးကို ငွေနားပန် လျက် နာဂလူမျိုးတို့၏ ဝမ်းစာအလို့ငှာ ခုတ်ထား သော တောင်ယာကို မီးရှို့ကြသည့်အချိန်၊ မီးရှို့ ထားသော တောင်ယာကို ရှင်းလင်းကာ စူးထိုးကြသည့်ကာလ။ ထိုသို့သောကာလတွင် ခေါင်ရည် ကို လှိုင်လှိုင်သောက်ကြသည်။

နာဂတောင်တန်းခရိုင်သို့အရောက် ရထား တစ်တန်၊ ကားတစ်တန်၊ လေယာဉ်တစ်တန်၊ လားတစ်တန်ဖြင့် ခရီးဆက်ခဲ့ကြရသည်။ ခန္တီးမြို့ နှင့် မိုင် ၂၀ ခန့် ဝေးကွာသော ဟတ္ထိရွာသို့ရောက် ရန် ခြေကျင်တစ်နည်း၊ လားခရီးဖြင့် တစ်ဖုံ၊ မြစ်ကို ဆန်၍တစ်သွယ် ဒုက္ခအလိမ်းလိမ်းခံကာ သွားခဲ့ကြရသည်။ စာရေးဆရာမောင်ကြည်ဇင်ကမူ မွေးရပ်မြေနှင့်စွန့်ခွာခဲ့ခြင်းမှာ ရှစ်နှစ်ခန့်မျှ ရှိနေ ခဲ့သောကြောင့် မွေးဇာတိ၏ ရှုကွင်းရှုကွက်တို့ကို ငေးမောရင်း အသစ်အဆန်းသဖွယ်မြင်ကွင်းတို့၌ စိတ်ကြည်နူးနေခဲ့သည်။

သို့ရာတွင် လမ်းပန်းခရီး၏ ဒုက္ခအသွယ် သွယ်ကို ကိုယ်တွေ့လက်တွေ့ ကြုံတွေ့ကြရပြီး ဖြစ်သော ဒါရိုက်တာ ဦးကျော်သန်းနှင့် ရန်ကင်း ရုပ်ရှင်ပိုင်ရှင်လည်းဖြစ်၊ ရုပ်ရှင်အကယ်ဒမီ မင်းသားကြီးလည်းဖြစ်သည့် ကိုထွန်းဝေတို့ကို စာရေးဆရာ မောင်ကြည်ဇင်တစ်ယောက်၏ ရင်ထဲတွင် စိတ်ပျက်သွားကြမည်ဟူသော သံသယစိတ်နှင့် လှမ်းကြည့်လိုက်မိသည်။ စိုးရိမ်စိတ်ကို မင်းသားကြီးထွန်းဝေက ‘ဘာဖြစ်ဖြစ် ကျွန်တော်ရိုက်မယ်’ ဟူသော ကြုံးဝါးလိုက်သံနှင့်အတူ ‘ကျွန်တော် ဒီဟတ္ထိရွာမှာ နေရစ်ခဲ့မယ်။ လိုအပ်တဲ့အခမ်းအနားပြင်ဆင်မှု ကြိုတင်ပြင်ဆင်ဖို့ပေါ့’ ဟု ပန်းချီဆရာကြီး ဦးဘရင်ကလေး၏ နှုတ်မှထွက်ပေါ်လာသံများက စာရေးဆရာ၏ ရင်ထဲတွင် မဖော်ပြနိုင်သော ဝေဒနာတစ်မျိုး ခံစားလိုက်ရလေတော့၏။

ဤသို့ဖြင့် ၁၉၆၄ ခုနှစ်အတွက် အနုပညာ စာပေဆိုင်ရာ ဝတ္ထုရှည်ပထမဆုရခဲ့သော နာဂ တောင်တန်း မောင်ကြည်ဇင်၏ တောင်ပေါ်မြေမှ မြေပြန့်ပန်းဝတ္ထုမှာ ရုပ်ရှင်အဖြစ် ၁၉၆၅ ခုနှစ် ဇူလိုင် ၉ ရက်တွင် သက်ဝင်လှုပ်ရှားလာခဲ့ရလေ၏။

တောင်ပေါ်မြေမှ မြေပြန့်ပန်းမှာ မြန်မာအမျိုးသမီး ဒေါက်တာ မထားမေ(သီသီ)နှင့် သူ၏ ချစ်သူ ဦးကျော့မောင်(နေစိုး)တို့သည် မိမိတို့ အလိုအလျောက် စေတနာ့ဝန်ထမ်းအဖြစ်ဖြင့် နာဂတောင်တန်းများပေါ်ရှိ သွေးရင်းသားရင်းတို့၏ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပုံ၊ နောက်ပိုင်းတွင် ဦးကျော့ မောင်သည် ဒေါက်တာမထားမေနှင့် သဘောထားချင်း ညှိနှိုင်းမရ၍ လမ်းခွဲကာ မြေပြန့်သို့ ပြန်သွားပုံ၊ ကျောင်းဆရာထွန်းဝေနှင့်အတူ လက်တွဲကာ တောင်ပေါ်နာဂမြေမှ နာဂတိုင်းရင်းသားများ၏ အတွေးအခေါ်အယူအဆ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကျန်းမာရေးနှင့် စာပေသင်ကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ဇာတ်အိမ်တည်ထားခဲ့ပါသည်။

တောင်ပေါ်မြေမှ မြေပြန့်ပန်း ရုပ်ရှင်ဇာတ်ကားကို ကြည့်ရသောအခါ ထိုခေတ်က နာဂတောင်တန်းနှင့် နာဂတိုင်းရင်းသားတို့၏ အကြောင်း ဝေဖန်သုံးသပ်ရေးသားကြပုံကို လေ့လာမှတ်သားမိသမျှ တင်ပြလိုလာပါသည်။

နာဂတောင်တန်းဒေသ၏ ထူးခြားချက်တစ်ရပ်မှာ မြန်မာပြည်မကြီးနှင့် အခြားပြည်နယ်များ တစ်ပါးကျွန်အဖြစ် အနှိမ်ခံခဲ့ရစဉ်က မည်သည့် အုပ်စိုးသူကမျှ တိုက်ရိုက်အုပ်ချုပ်ခြင်းမခံရဘဲ ကိုယ့်ဓလေ့ ကိုယ့်ထုံးစံမပျက် လွတ်လွတ်လပ်လပ် နေခဲ့ကြရသည့်ဒေသ ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသား လူမျိုးစုညီညွတ်ရေးဖြင့် လွတ်လပ်ရေးတိုက်ပွဲ လုပ်ငန်းများ စတင်လျှင်ပင် ခန္တီးစော်ဘွားနယ်၊ သောင်သွပ်စော်ဘွားနယ်၊ ဆွမ်ပရာတောင်တန်း၊ လဟယ်တောင်တန်း၊ ခန်းတောင်တန်း၊ ဟိုင်းမြေ တောင်တန်းနယ်၊ ဟုမ္မလင်းနယ်၊ ချောက်နယ် စသည်တို့မှ တောင်တန်းသားများသည် နယ်ခြား လွတ်မြောက်ရေး ကြွေးကြော်သံဖြင့် အင်္ဂလိပ်တပ်များ ခြေကုပ်စခန်းယူထားသည့် အနောက်မြောက် နာဂတောင်တန်းဒေသမှ အလွတ်ရုန်း ထွက်ခဲ့ကြပြီး ပြည်မကြီးနှင့် ပူးပေါင်းခဲ့ကြပေသည်။ နာဂတောင်တန်းနယ်မြေ အကျယ်အဝန်း နယ်ခြားဒေသ သတ်မှတ်ချက်အနေဖြင့် ရှေးမြန်မာမင်းများလက်ထက်က အနောက်မြောက် နာဂတောင်တန်း၊ ဘိုးခေါင်တောင်ရိုးမ လိမ်တောင်တန်း တောင်ထိပ်ကျွန်းပေါက်ရာအထိကို မြန်မာ့နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုမှတစ်ဖက် ထင်းရှူးပေါက်ရာနယ်မြေကို အာသံ(ကသည်း)နယ်ဟူ၍ သတ်မှတ်ခဲ့ကြသည်။

ထိုသို့ နာဂတောင်တန်းနယ်မြေနှင့်ပတ်သက်၍ နာဂတောင်တန်းနယ်စပ်တွင် ရှေးခေတ်က နယ်စပ်ကျောက်တိုင်နေရာ မှားခဲ့သဖြင့် ကျွန်းတောအချို့နှင့် ကြေးနီတောင်တစ်ခုမှာ အာသံနယ်ဘက်သို့ ပါသွားခဲ့ဖူးကြောင်း၊ နယ်စပ် အန္တရာယ်အနေဖြင့် ပြဿနာမရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရသည်။ ဤကဲ့သို့ အန္တရာယ် နည်းပါးခဲ့သောကြောင့်လည်း ပြည်မကြီးသားတို့သည် တောင်တန်းပေါ်မှ နာဂတို့ကို မေ့လျော့၍ နေခဲ့ဟန်တူ၏။

ပြည်မသားတို့သည် နာဂတောင်တန်းတွင် အဝတ်အထည်ဝေခြင်း၊ အိမ်ဆောက်ပေး ခြင်းစသော ဘ၀သစ်စီမံကိန်းဖြင့် တင်းတိမ် မနေဘဲ သယံဇာတပစ္စည်းများ ထုတ်လုပ်သုံးစွဲနိုင်ပြီး နာဂတောင် ဖွံ့ဖြိုးတိုးတက်ရေးအထိ ရှေးရှုဆောင်ရွက်ပေးမည့်အချိန်ကို နာဂအမျိုးသား၊ အမျိုးသမီးတိုင်း စောင့်မျှော်ငံ့လင့်နေကြ ရှာသည်။နာဂတောင်တန်းဖွံ့ဖြိုးရေး မည်သည့် အချိန်တွင်မှ စတင်နိုင်ကြပါမည်နည်းဟု ဝေဖန် ရေးသားခဲ့ကြသည့် ရှမ်းနီကဲ့သို့သော ဆောင်းပါးရှင်များက လှုံ့ဆော်ရေးသားခဲ့ပြီးနောက် နာဂတောင်တန်းမှ ဟတ္ထိရွာသား စာရေးဆရာ နာဂ တောင်တန်း မောင်ကြည်ဇင်က သူမွေးဖွားရာ ဇာတိမြေမှ နာဂမိသားစုများအကြောင်း အလျဉ်း သင့်တိုင်း ရသဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသား ဖော်ထုတ်ခဲ့လေသည်။

ဤသို့ဖြင့် တောင်ပေါ်မြေမှ မြေပြန့်ပန်း လုံးချင်းဝတ္ထုရှည်ကို ၁၉၆၄ ခုနှစ် အနုပညာ ဆိုင်ရာဝတ္ထုရှည် ပထမဆုအဖြစ် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတူပင် ရန်ကင်းရုပ်ရှင် ပိုင်ရှင်ဖြစ်သော ရုပ်ရှင်မင်းသားကြီးထွန်းဝေက တောင်ပေါ်မြေပြန့်ပန်းဝတ္ထုကို ဝယ်ယူ၍ အထက်ပါအတိုင်း ရိုက်ကွင်းအခြေအနေ လေ့လာရန် နာဂတောင်တန်း ဟတ္ထိရွာသို့ အကြို ခရီးထွက်ခဲ့ကြပြီးနောက် တောင်ပေါ်မြေကို ရိုက်ကူးခဲ့လေသည်။ ထိုတောင်ပေါ်မြေမှ ဇာတ်ကားရုံတင်ပြသသောအခါ နာဂ-မြန်မာ ရင်းနှီးမှု ၏ အုတ်မြစ်တစ်ချပ်အဖြစ် နာဂတောင်တန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လှေကားတစ်ထစ်၊ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ချစ်ကြည်ရေးစံပြ၊ တိုင်းရင်းသားချင်း သွေးစည်း ညီညွတ်မှုကို ရုပ်ရှင်အနုပညာသည်များက ပြည်သူ့ဝတ္တရား သိတတ်စွာ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

နာဂတို့၏ ရိုးရာအစွဲအလမ်း၊ နာဂတို့၏ ဓလေ့ထုံးစံ၊ နာဂတို့၏ ယဉ်ကျေးမှုအဆောင် အယောင်၊ နာဂတို့၏ ထုံးတမ်းစဉ်လာ ကပွဲသဘင်များကို ပြည့်ပြည့်၀၀ တင်ပြနိုင်ခဲ့ခြင်းအား ပရိသတ်၏ ကြည့်ရှုအားပေးမှုကို ခံယူနိုင်ခဲ့လေသဖြင့် ခြေကျင်တစ်နည်း၊ လားခရီးဖြင့်တစ်ဖုံ၊ မြစ်ကိုဆန်၍တစ်သွယ် ခန္တီးမြို့နှင့် မိုင် ၂၀ခန့် ဝေးသော ဟတ္ထိရွာသို့အရောက် ဒုက္ခမျိုးစုံကို ကျော်ဖြတ်လျက် တောင်ပေါ်မြေမှ မြေပြန့်ပန်းအား အောင်မြင်စွာ ရိုက်ကူးတင်ပြရကျိုးနပ်ခဲ့ရလေ၏။

ရုပ်ရှင်ဝေဖန်ရေး ဆရာများကလည်း ယခင်ခေတ်က တောင်တန်းသာသနာပြုအဖွဲ့ ဟူ၍ရှိခဲ့ဖူးသလို ကျွန်ုပ်တို့၏ တိုင်းရင်းသားများ ဖြစ်ကြသည့် တောင်ပေါ်ဒေသတွင် နေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ်သည့် နာဂလူမျိုးတို့သည် ရိုင်းစိုင်းလှ၏ဟူသော အတွေးအခေါ် အယူအဆများကို ပြုပြင်ပေးခြင်း၊ စာတတ်အောင် စာသင်ကြားပေးခြင်း၊ အဝတ်အစား ဝတ်ဆင်လာကြရန် ပြုပြင်ပေးခြင်း စသောလူမှုဝန်ထမ်းလုပ်ငန်းများအတွက် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းခံပြီး ပြုပြင် ပေးလိုစိတ်များ၊ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်မြေတည်းနေကြကုန်သော တိုင်းရင်းသား သွေးစည်းချစ်ခင်ရေးကို အဓိကထားပြီး တင်ပြ ရိုက်ကူးထားသည်ဖြစ်၍ ရည်ရွယ်ချက် အထူးပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။

ပါဝင်သရုပ်ဆောင်ကြသော အနုပညာ ရှင်များမှာ ထွန်းဝေ၊ သီသီ၊ နေစိုးနှင့် ဇာတ်ပို့၊ ဇာတ်ရံတို့ကလည်း မိမိတို့ သရုပ်ဆောင်မှုအား နိုင်နင်းစွာ သရုပ်တူလုပ်ဆောင်သွားကြောင်း ဝေဖန်သုံးသပ်မှုမျိုး ဖတ်ရှုလေ့လာမိခဲ့ရပါ သတည်း။

တောင်ပေါ်မြေမှ မြေပြန့်ပန်းဝတ္ထုကို ရေးသားခဲ့သော ကွယ်လွန်သူ မောင်ကြည်ဇင် သည်လည်းကောင်း၊ တောင်ပေါ်မြေမှ မြေပြန့်ပန်းဝတ္ထုကို အသက်သွင်းပေးခဲ့သော ကွယ်လွန် သူ မင်းသားကြီး ဦးထွန်းဝေတို့အားလည်းကောင်း သမိုင်းတစ်ကွေ့မှတ်တမ်းအဖြစ် တင်ပြလိုက်ရပါသတည်း။

[မှတ်ချက် – ယခင်က နာဂဒေသသည် လက်ရှိကာလတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေပြီဖြစ်ပါသည်။]

ရေးသူ – မောင်ကြော့ဝေ