“Train to Busan” ရဲ့ နောက်ဆက်တွဲ “Penisula” ရုပ်ရှင်ဇာတ်ကား ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်အထိရှိလာ

ကိုရီးယား ဇွန်ဘီးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Train to Busan” ရဲ့ နောက်ဆက်တွဲ “Penisula”(ပန်နီဆူလာ) ဇာတ်ကားဟာ ဇူလိုင်လအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ Box Office မှာ ပထမနေရာကနေ ဦးဆောင်ခဲ့သလို ဝင်ငွေအရလည်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းအထိရခဲ့ပါတယ်။

တောင်ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ အချက်အလက်တွေအရ ဇူလိုင်လ ၁၅ ရက်နေ့က စတင်ရုံတင်ခဲ့တဲ့ “Penisula”ရုပ်ရှင်ဇာတ်ကားအတွက် ရုပ်ရှင်ရုံလက်မှတ်စောင်ရေ ၃ ဒသမ ၂၁ သန်းအထိရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကန်ဒုံးဝမ် နဲ့ လီဂျောင်ချမ်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီသည်းထိတ်ရင်ဖို ဇွန်ဘီးကားဟာ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကြောင့် ကာလအတော်ကြာ ရုပ်ရှင်ရုံတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း လူကြည့်အများဆုံး ဇာတ်ကားဖြစ်ခဲ့ပြီး ပထမဆုံးရုံတင်ခဲ့တဲ့နေ့မှာတင် ကြည့်ရှုသူ သုံးသိန်းခွဲကျော်နဲ့ စံချိန်တင်ခဲ့တယ်လို့ ပင့်ခ်ဗီလာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Pinkvilla.com