Galaxy Watch Active2 မှာ ECG လုပ်ဆောင်ချက်ရရှိ

Samsung က ထုတ်လုပ်ထားတဲ့ Galaxy Watch Active2 ကို လွန်ခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ကြေညာခဲ့တာဖြစ်ပြီး နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ ECG Sensor ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကာလရှည်စောင့်ဆိုင်းနေရပေမယ့် လက်ရှိမှာတော့ ခွင့်ပြုချက်ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အတွင်း ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ Samsung က ထုတ်ဖော်ပြောဆိုလိုက်ပြီး လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာသာ အသုံးပြုလို့ရနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ Smat Watch နဲ့ ချိတ်ဆက်မယ့်ဖုန်းမှာ Samsung Health Monitor အက်ပလီကေးရှင်းကို ထည့်သွင်းရမှာဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် စက္ကန့် ၃၀ လောက်သာ အချိန်ယူရမှာဖြစ်ပြီး သုံးစွဲသူရဲ့ နှလုံခုန်နှုန်းဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်ထားမှာဖြစ်သလို ပုံမှန်ထက် နှလုံးခုန်နှုန်း မြန်ဆန်နေမယ်ဆိုရင်လည်း အသိပေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရောဂါရှာဖွေရေးနဲ့ ကုသရေးတွေအတွက်တော့ ဒီအချက်အလက်တွေကို အသုံးမပြုသင့်ဘဲ ဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။ လက်ရှိမှာတော့ Galaxy Watch Active2 ရဲ့ ECG လုပ်ဆောင်ချက်ကို တောင်ကိုရီးယားတစ်နိုင်ငံတည်းမှာသာ အသုံးပြုလို့ရဦးမှာဖြစ်ပြီး အခြားနိုင်ငံတွေမှာ အသုံးပြုနိုင်မယ့်အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ညီဘွားစုစည်းသည်