လိပ်ကျွန်းလူသတ်မှုမှ ဝင်း နှင့် ဇော် တို့သေဒဏ်မှလွတ်ငြိမ်းခွင့်ရ

လိပ်ကျွန်းလူသတ်မှုမှသေဒဏ်ချမှတ်ခံထားရသည့်ဝင်းဇော်ဦးနှင့်ဇော်လင်းတို့နှစ်ဦးအပါအဝင်ထိုင်းနိုင်ငံအကျဉ်းထောင်များအတွင်းအခြားပြစ်မှုများဖြင့်သေဒဏ်ချမှတ်ခံထားရသူအများအပြားကိုထိုင်းဘုရင်မင်းမြတ်တော်ဝင်အမိန့်အပိုဒ်-၁၅အရသေဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ပြီးတစ်သက်တစ်ကျွန်းထောင်ဒဏ်သို့ယနေ့(ဩဂုတ်၁၄ရက်)တွင်လျှော့ပေါ့ပေးလိုက်ကြောင်း၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက်ကြိုးပမ်းနေသည့်ရှေ့နေအဖွဲ့မှဥပဒေပညာရှင်တစ်ဦးဖြစ်သူအန်ဒီဟောလ်က၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ် ခံထားရသည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့လွတ်မြောက်ရေးအတွက်ကြိုးပမ်းနေသည့်အဖွဲ့အစည်းများကကောက်ခံထားသောအသနားခံစာကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် အာဆီယံ လူထုဖိုရမ် တက်ရောက်သူများ၏ လက်မှတ်နှင့်အတူထိုင်းဘုရင်မင်းမြတ်ထံယမန်နှစ်အောက်တိုဘာလအတွင်းကတင်သွင်းခဲ့ပြီးထိုင်းဘုရင်မင်းမြတ်ကတစ်နှစ်အတွင်းဆုံးဖြတ်မည်ဟုထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း၌၂ဝ၁၄ ခုနှစ်က ဗြိတိန်ခရီးသွားနှစ်ဦးကို သတ်ဖြတ်ခဲ့မှုဖြင့်တရားစွဲဆိုခံထားရသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ထိုင်းတရားရုံးချုပ်က ယမန်နှစ်ဩဂုတ်လအတွင်း နောက်ဆုံးတရားရုံးကသေဒဏ် ချ မှတ်ခဲ့သည်။

၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက်၂၀၁၅ခုနှစ်မှစတင်ကာနောက်ဆုံး ထိုင်းဗဟိုတရားရုံးအထိ တရားရုံးအဆင့်ဆင့်မှ သေဒဏ်သုံးကြိမ် ချမှတ်ခဲ့သည့်ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏နောက်ဆုံးအသနားခံစာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီတို့က ဥပဒေ ပညာရှင်များ က အသနားခံစာ တင်ခဲ့ခြင်းဖြစ်သည်။

သတင်း-နေသွေးဈာန်
ဓာတ်ပုံ- The Phuket News