Qualcomm Chip အသုံးပြုတဲ့ စမတ်ဖုန်းတွေမှာ လုံခြုံရေးအားနည်းချက်တွေရှိနေ

Qualcomm Chip အသုံးပြုထားတဲ့စမတ်ဖုန်းတွေမှာ လုံခြုံရေးအားနည်းချက်တွေရှိနေတယ်လို့ Check Point ရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီတွေက ထုတ်ဖော်ပြောဆိုလိုက်ပြီး ၂၀၁၉ ခုနှစ်အထိ QualcommChip အသုံးပြုထားတဲ့ ဖုန်းတွေဟာ ဈေးကွက်မှာ ၄၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။

ဒီလို လုံခြုံရေးဆိုင်ရာ အားနည်းချက်ကို Achilles လို့ သုတေသီတွေက အမည်ပေးထားပြီး Qualcomm Chip တွေရဲ့ ဒစ်ဂျစ်တယ်အချက်ပြလှိုင်းထုတ်ပေးတဲ့အပိုင်းမှာ လုံခြုံရေးအားနည်းချက်ဖြစ်ပေါ်စေတဲ့ ကုဒ်ပေါင်း ၄၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီအားနည်းချက်တွေကိုအသုံးပြုပြီး စမတ်ဖုန်းသုံးစွဲသူတွေအပေါ် အမြတ်ထုတ်မှာကို စိုးရိမ်တဲ့အတွက် တွေ့ရှိချက်အသေးစိတ်တွေကို သုတေသီတွေက ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ Chip တွေရဲ့အားနည်းချက်အရ ဟက်ကာတွေဟာ ဖုန်းပြောတဲ့ မှတ်တမ်းတွေကို ခိုးယူတာတွေ၊ ဖုန်းထဲကအချက်အလက်တွေကို ခိုးယူတာတွေ၊ ပြန်ဖြုတ်မရတဲ့ အက်ပလီကေးရှင်းထည့်တာတွေကို လုပ်ဆောင်နိုင်ခြေရှိပါတယ်။

Qualcomm အနေနဲ့ သူ့ရဲ့ Chip တွေနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲတွေနဲ့ကုဒ်တွေကို စတင်အဆင့်မြှင့်ခဲ့ပြီး များမကြာမီမှာ စမတ်ဖုန်းကုမ္ပဏီတွေဆီကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ Qualcomm Chip တွေရဲ့အားနည်းချက်တွေကိုအသုံးပြုပြီး သုံးစွဲသူတွေရဲ့အချက်အလက်တွေ ခိုးယူမခံရသေးဘူးလို့ ပြောဆိုထားပြီး Google Play Store လိုမျိုးနေရာကနေသာ အက်ပလီကေးရှင်းတွေ ထည့်သွင်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ညီဘွားစုစည်းသည်