ပစ္စည်းပို့စက်ရုပ်တွေကို ဂျပန်နိုင်ငံမှာ စမ်းသပ်အသုံးပြုတော့မယ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူမှုဘ၀မှာ ခပ်ခွာခွာနေရေး ကန့်သတ်ချက်တွေ ရှိနေချိန်မှာ အလိုအလျောက် ပစ္စည်းပို့ဆောင်ပေးတဲ့စက်ရုပ်တွေကို ဂျပန်နိုင်ငံက လာမယ့်လကစပြီး စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးမှာ လူမှုဆက်သွယ်မှုကိုလျှော့ချပေးနိုင်တဲ့ စက်ရုပ်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အများပြည်သူတွေရဲ့တောင်းဆိုမှုတွေလည်း မြင့်တက်နေကာ အနီးအနားရှိ ကုန်ပစ္စည်းသိုလှောင်ရုံတွေနဲ့ ဈေးဆိုင်တွေကနေ ဖောက်သည်တွေဆီကို ပို့ဆောင်နိုင်ဖို့ ဂျပန်နည်းပညာကုမ္ပဏီက စီစဉ်နေတာ ဖြစ်ပါတယ်။

စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းအမှာစာတွေကို ဖုန်း သို့မဟုတ် ကွန်ပျူတာတွေကနေ အက်ပလီကေးရှင်းအသုံးပြုမှာယူနိုင်မှာဖြစ်ပြီး သတ်မှတ်ဧရိယာအတွင်းမှာရှိတဲ့ စက်ရုပ်တွေကနေ မှာယူထားတဲ့ အစားအသောက် သို့မဟုတ် ကုန်ပစ္စည်းတွေကို အိမ်အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် လူမှုဘ၀ပုံစံသစ်တွေနဲ့ နေထိုင်နေရခ်ျိန်မှာ DeliRo လို့အမည်ပေးထားတဲ့ ပို့ဆောင်ရေးစက်ရုပ်တွေရဲ့အလားအလာရှိတဲ့ အခန်းကဏ္ဍကို ရှာဖွေနေတယ်လို့ စက်ရုပ်ထုတ်လုပ်တဲ့ ZMP ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အမြင့် တစ်မီတာရှိတဲ့ DeliRo စက်ရုပ်တွေဟာ အမြင့်ဆုံးအဖြစ် တစ်နာရီကို ခြောက်ကီလိုမီတာ အမြန်နှုန်းနဲ့ သွားလာနိုင်ပြီး အဆင့်မြင့် မောင်းသူမဲ့နည်းပညာကြောင့် အတားအဆီးတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ညီဘွားစုစည်းသည်