ရခိုင်ပြည်နယ်ဖြေဆိုရမယ့် COVID-19 ဒုတိယလှိုင်းစာမေးပွဲ

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်ပွားသူနှစ်ဦးကို မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုဆို ငါးလကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုအများဆုံးကာလမှာ ဧပြီနဲ့ မေလဆန်းအချိန်တွေဖြစ်ပြီး မေလလယ်ခန့်ကနေစပြီး ပြည်တွင်းကူးစက်မှုနှုန်း မရှိသလောက်လျော့ကျခဲ့ပါတယ်။ ဇွန်လနှောင်းပိုင်းမှာတော့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ စက်ရုံအလုပ်ရုံတွေကို ကူးစက်မှုကာကွယ်ရေးအစီအမံတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် ၁၆ ရက်နောက်ပိုင်းကာလကစတင်ပြီး ပြည်ပကပြန်လာသူတွေဆီကသာ COVID-19 ရောဂါပိုးတွေ့ရှိရပြီး COVID-19 ပြည်တွင်းကူးစက်မှုကင်းစင်နေတာ တစ်လကြာပြီးနောက် ဩဂုတ် ၁၆ ရက်မှာတော့ စစ်တွေမြို့ရှိ စီဘီဘဏ်ဝန်ထမ်းတစ်ဦးထံကနေ ရောဂါပိုးတွေ့ရှိခဲ့ရာ ပြည်တွင်းကူးစက်မှုအဖြစ် ပြန်လည်စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်ပွားသူနှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီး ငါးလအတွင်း ပြည်တွင်းကူးစက်မှု ပြန်လည်စတင်ခဲ့တဲ့ သြဂုတ် ၁၆ ရက်ကနေ ဩဂုတ် ၂၆ ရက်အထိ ၁၁ ရက်တာအတွင်း ပြည်တွင်းကူးစက်ခံရသူ ၁၈၂ ဦးထိရှိလာခဲ့ပါတယ်။ ဩဂုတ် ၂၆ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၇၀ ဦးကို စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ အခုလို ရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုတွေ ဆက်တိုက်တိုးလာတယ်ဆိုတဲ့ အချက်ကလည်း ပြည်သူတွေအနေနဲ့ သတိထားရမယ့်အချက်ဖြစ်ပါတယ်။