သရုပ်ဆောင် အောင်မင်းခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

“ကူးစက်မှုနှုန်းက တအားမြင့်မားလာပြီ။ အားလုံးဆင်ခြင်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်”

MRTV-4 သရုပ်ဆောင် အောင်မင်းခန့်နှင့် ဆက်သွယ်၍ ကိုဗစ်ကာလ ဖြတ်သန်းဖြစ်ပုံအကြောင်းနှင့် ပြည်တွင်းကူးစက်မှုများနှင့်ပတ်သက်သည့်အကြောင်း၊ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရပ်နားထားရသည့် အနုပညာအလုပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် အခြားသိရှိလိုသမျှအကြောင်းအရာများကို မေးမြန်းဖော်ပြပေးလိုက်ရပါသည်-

မေး – အခု ကိုဗစ်ကလည်း ပြန်ဖြစ်နေပြီဆိုတော့ ကိုယ်တိုင်ရော ကျန်းမာရေး ဂရုစိုက်နေထိုင်ဖြစ်လား။

ဖြေ – အကြီးအကဲတွေကလည်း ပထမ ဖြစ်ကတည်းက ညွှန်ကြားပြီး သားပေါ့လေ။ စတေးဟုမ်းလုပ်ရမယ်။ ပြီးရင် Social Distancing လုပ်ပြီးတော့ လူစုလူဝေးရှိတဲ့ နေရာတွေ ရှောင်ရမယ်ဆိုတာကို သူတို့ အစကတည်းက ညွှန်ကြားထားခဲ့တယ်။ ကျွန်တော်ကလည်း အခုအချိန်ကာလ မှာအပြင်ကလည်း သိပ်မထွက်ရဲတော့ ကျွန်တော့်အလုပ်ကိစ္စလောက်ပဲထွက် ဖြစ်ပြီးတော့ တခြားလူမှုရေးကိစ္စတွေ အတွက် သိပ်မထွက်ဖြစ်ဘူး။ မိမိကိုယ် မိမိကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။ ဘာပဲပြောပြော တခြားသူတွေကိုလည်း ကျွန်တော့်လိုပဲ တတ်နိုင်သလောက် နေစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်မှ ရမှာပေါ့။ အရင်တုန်းကဆိုရင် ပိုးတွေ့လူနာ အယောက် ၁၀၀၀ ဖြစ်ဖို့က တော်တော်ကြာတယ်လေ။ အခုကတော့ အယောက် ၁၀၀၀ ဖြစ်ဖို့ သုံးရက်လောက်ပဲ ကြာတယ်ဆိုတော့ ကူးစက်မှုနှုန်းက တအားမြင့်မားလာပြီ။ အားလုံးဆင်ခြင်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ လိုအပ်တာထက် ပိုပြီးတော့ အပြင်မထွက်ကြဖို့ပဲ ပြောချင်ပါတယ်။

မေး – ပြည်တွင်းကူးစက်မှုတွေ များလာတော့ ကိုယ်တိုင်ရော စိုးရိမ်မှုတွေရှိလား။

ဖြေ – ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်ကတော့ အရင်တုန်းက ရောဂါဖြစ်ခဲ့တဲ့ သူတွေက Negative ထွက်သွားပြီးတော့ သူတို့ဘာသာသူတို့ Positive ပြန်ဖြစ်လာတာလား မသိဘူးပေါ့။ ဒါကတော့ ကျွန်တော်တစ်ဦးတည်း အထင်ပေါ့။ ဒါကြောင့်မို့လို့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်လာတယ်လို့ထင်တယ်။ ဘာပဲပြောပြော အာဟာရဖြစ်မယ့်၊ အားရှိမယ့် အစားအသောက်တွေကို စားပါ။ အိပ်ချိန်တန် အိပ်ပါ။ မိမိကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးကြပါ။ ရောဂါကာကွယ်ဖို့အတွက် ကိုယ်ခံ အားကို မြှင့်တင်တာ အကောင်းဆုံးပါပဲ။

မေး – ဒုတိယအကြိမ်ဖြစ်ပွားမှုမှာ စစဖြစ်ချင်းကလောက် ကြောက်လန့်မှုတွေ သိပ်မရှိတော့တဲ့ အပေါ် ဘာများပြောချင်သေးလဲ။

ဖြေ – ဒီလိုပါပဲ။ စစ်ပွဲကို အတွေ့အကြုံမရှိတဲ့သူက သေနတ်သံတွေကြားရင် ကြောက်တယ်လေ။ သားရဲတိရစ္ဆာန်တွေကို မပစ်ဖူးတဲ့သူက သားရဲတိရစ္ဆာန်တွေကို စစချင်း တွေ့ကြတဲ့အခါမှာ ကြောက် ကြတာပဲလေ။ ဒါကတော့ ထုံးစံပါပဲ။ အခုကတော့ ကြောက်တယ်၊ မကြောက်ဘူးဆိုတာထက် ကျွန်တော်တို့က အတွေ့အကြုံရသွားလို့ပေါ့နော်။ ပထမဆုံးကတော့ ဘယ်လိုကာကွယ်ရမှန်းလည်း မသိ၊ ဘယ်လိုဆောင်ရွက်ရမယ်မှန်းလည်း မသိတော့ ကြောက်လန့်ကြတာ မှန်တယ်။ အခုကျတော့ ကျွန်တော်တို့က အတွေ့အကြုံရသွားပြီလေ။ ဆောင်ရန်၊ ရှောင်ရန်တွေလည်း သိသွားပြီ။ ဘာလုပ်ရမယ်၊ ဘာကိုင်ရမယ်ဆိုတာကို သိသွားတော့ ကျွန်တော့်တို့မှာ အတွေ့အကြုံရှိသွားတာပေါ့။ ဘာလုပ် ရမယ်ဆိုတာကို သိသွားတာပေါ့။

မေး – ဒီတစ်ခေါက် စတေးဟုမ်းကာလမှာ ဘယ်လိုမျိုးဖြတ်သန်းဖြစ်မလဲ။

ဖြေ – အရင်အတိုင်းပဲပေါ့။ ကျွန်တော်အရင်တုန်းကလိုပဲ အိမ်မှာ Gym ဆော့မယ်။ အခုက ကျွန်တော်တစ်ယောက်တည်းကိုပဲ ဖွင့်ပေးထားတဲ့ Gym ရှိတယ်။ ကျွန်တော့်နဲ့ ပိုင်ရှင်နဲ့က သိတော့ ကျွန်တော်တစ်ယောက်တည်းကိုပဲ ကြိုက်တဲ့အချိန်လာဆော့ပေါ့။ အဲဒီမှာ ကျွန်တော် တစ်ခါတလေ ဆော့မယ်။ အိမ်မှာနေဖြစ်ဖို့ပဲ များပါတယ်။ အခုက ဘယ်လိုပဲပြောပြော စတေးဟုမ်း နေတာကတော့ အကောင်းဆုံးပဲပေါ့။

မေး – ဒီကာလတွေမှာလည်း ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်တန့်ထားရတော့ အနုပညာရှင်တစ်ယောက် အနေနဲ့ ထိခိုက်မှုတွေ ဘယ်လောက်အထိရှိလဲ။

ဖြေ – ဖျော်ဖြေရေးဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့နောက်ဆုံးမှာရှိတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်တယ်။ အရင်ဆုံး ကျန်းမာရေးကောင်းရမယ်၊ နေထိုင်မှု၊ အစားအသောက်၊ ကျန်းမာရေး အကုန်လုံးပြီးသွားမှ ဖျော်ဖြေရေး ကဏ္ဍဆိုတာက ရောက်လာတာပေါ့။ ကျွန်တော်တို့လည်း ဘာပဲပြောပြော အလုပ်တွေနားထား ရတော့ ထိခိုက်တာပဲလေ။ လက်ခံထားတဲ့အလုပ်တွေဆိုလည်း အကုန်လုံး ရွှေ့ဆိုင်းကုန်တယ်။ ကျွန်တော်တို့လည်း ဒီအလုပ်နဲ့ရပ်တည်နေရတာဆိုတော့ ထိခိုက်မှုတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ လည်း ကျွန်တော်တို့ကဏ္ဍမှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ ကဏ္ဍအသီးသီးက ထိခိုက်နေတာဆိုတော့ ကိုဗစ်ဆိုတဲ့ ရောဂါကြီးအတွက် ကာကွယ်ဆေးတော့ အမြန်ဆုံးပေါ်စေချင်တာပေါ့။

မေး – အခုအချိန် အလုပ်တွေရပ်နားထားရလို့ စိတ်ဓာတ်ကျနေတဲ့သူတွေလည်းရှိတော့ သူတို့ကိုရော ဘာများ ပြောချင်သေးလဲ။

ဖြေ – ဒါက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ အများနဲ့ဆိုတော့ အားရှိတာပေါ့။ တစ်ခါ တလေကျရင် ကျွန်တော်တို့ရဲ့အတွေးတွေကို ပြောင်းပြန် ပြန်တွေးပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အတွေးတွေက တည့်တည့်ကြီးပဲ တွေးနေကြတာလေ။ ကိုယ်အာရုံခံစားရတဲ့အပေါ် မူတည်ပြီးတော့ အဲဒီအာရုံခံစားရတဲ့နောက်ကိုပဲ တည့်တည့်ကြီး လိုက်နေကြတာပေါ့လေ။ အဲဒီတော့ ပြောင်းပြန် ပြန်ပြီးတော့ တွေးပေးလိုက်ပါ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ခံစားနေရတာပဲ။ အဲဒီတော့ ငါတို့လည်း အတတ်နိုင်ဆုံး အကောင်းဆုံး အဆင်ပြေအောင် ဘယ်လိုမျိုးနေသွားကြမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ အားပေးပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်စောင့်ရှောက်ပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ခွန်အား ပြန်ဖြည့်ပေးပါ။ ငါကျရှုံးနေတာပဲ။ ငါဒုက္ခ ရောက်ပါပြီဆိုတာမျိုး တွေးနေလို့ကတော့ ကိုယ်ပဲခံစားရမှာပေါ့။ အဲဒီတော့ ပြောချင်တာက အာရုံကို နောက်တစ်ခု ပြန်ပြောင်းပေးပါ။ လက်ရှိ တွေးနေတဲ့အရာကိုပဲ ပြောင်းပြန် ပြန်တွေးပေးပါ။ အဲဒါဆိုရင် စိတ်ဓာတ်ခွန်အားတွေရော၊ ကိုယ့်ကိုယ်ကိုယ်ပါ ပြန်ပြီးတော့ တည့်မတ်လာနိုင်မယ်။

မေး – နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – ပရိသတ်တွေအကုန်လုံး စတေးဟုမ်းပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ကို ဂရုစိုက်ကြပါ။ မိမိက မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်တောင်မှ အရက်ပြန်ဖျန်းတဲ့ဘူးတို့၊ Mask တို့၊ လက်အိတ်တို့ကို မဖြစ်မနေ ယူသွားစေချင်ပါတယ်။ ဘာပဲပြောပြော ကိုယ်က အပြင်ကို သွားပြီဆိုရင် ကိုယ်ကရောဂါကိုသယ်လာတဲ့သူ ဖြစ်လား၊ မဖြစ်ဘူးလား ဆိုတာကို ကိုယ်တိုင်တောင် သေချာမပြောနိုင်ဘူးလေ။ အဲဒီတော့ ကိုယ်သိသလောက် ၊ တတ်သလောက်နဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ရော၊ မိသားစုအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ကာကွယ်ပေးခြင်းအားဖြင့် ကမ္ဘာမြေကြီးကို ကာကွယ်ပေးကြပါ။

နှင်းစုမွန်-မေးမြန်းသည်
ဓာတ်ပုံ – အောင်မင်းခန့်ဖေ့စ်ဘွတ်ခ်