တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို အီရန် လုပ်ကြံဖို့ ပစ်မှတ်ထားနေ

ဇန်နဝါရီလက သူတို့ဗိုလ်ချုပ် ဆိုလီမန်နီ သတ်ခံခဲ့ရတာကို လက်စားချေဖို့အတွက် အီရန်အစိုးရဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ခင်မင်ရင်းနှီးတဲ့ တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စ လာနာမာ့စ်ခ်ကို လုပ်ကြံဖို့ ပစ်မှတ်ထားနေကြောင်း Politico သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အစီရင်ခံစာကို ကိုးကားပြီး ရေးသားထားတဲ့ ၎င်းသတင်းမှာ တောင်အာဖရိကနိုင်ငံရှိ အီရန်သံရုံးရဲ့အကူအညီနဲ့အတူ အမေရိကန်သံအမတ် မာ့ခ်စ်ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ မကြာခဏ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာတော့ ခြိမ်းခြောက်မှုတွေ ပိုပြင်းထန်လာတာကို အမေရိကန်လုံခြုံရေးတာဝန်ရှိသူတွေက ကောင်းကောင်းသတိထားမိပြီး သံအမတ်ကြီးရဲ့လုံခြုံရေးကို ပိုဂရုစိုက်နေကြရပါတယ်။

တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် လာနာမာ့စ်ခ်ဟာ တောင်အာဖရိကဇာတိဖွားတစ်ဦးဖြစ်ပြီး ဖလော်ရီဒါ အခြေစိုက် ဖက်ရှင်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – timesofisrael