ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ်ဆူဂါကို လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ရွေးချယ်

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ သစ္စာတော်ခံ လက်ရုံးတစ်ဦးလို့ သတ်မှတ်ခံထားတဲ့ ဝန်ကြီးများအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒီဆူဂါကို ယာယီဝန်ကြီးချုပ်နေရာအတွက် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) က တနင်္လာနေ့မှာ တရားဝင်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ကျန်းမာရေးကြောင့် နှုတ်ထွက်စာတင်ထားတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့နေရာကို အစားထိုးဖို့အတွက် တနင်္လာနေ့က ပါတီတွင်းရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး ဆူဂါက ဆန္ဒမဲ အပြတ်အသတ်နဲ့အနိုင်ရခဲ့ပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲမှာ ယာယီဝန်ကြီးချုပ်နေရာအတွက် ဆူဂါက ဆန္ဒမဲ ၃၇၇ မဲရခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း အီရှီဘာက ၆၈ မဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကီရှီဒါ က ၈၉ မဲအသီးသီးရခဲ့ပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၁၆ ရက်မှာ LDP အမတ်တွေအများဆုံး လွှမ်းမိုးထားတဲ့ ဂျပန်အောက်လွှတ်တော်ကနေ ဆူဂကို ယာယီဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ရွေးချယ်ခန့်သွားမှာဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူဂဟာ ဝန်ကြီးချုပ်တာဝန်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဆောင်ရွက်သွားမှာဖြစ်ပြီး နောက် ဝန်ကြီးချုပ်သက်တမ်းမှာပါ ရွေးချယ်ခံရဖို့အတွက် ကြိုးစားသွားမယ်လို့ သူက ပြောထားပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters
ဓာတ်ပုံ – EPA