ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာလို့ အိန္ဒိယနိုင်ငံမှာ အောက်ဆီဂျင်ဗူးတွေ ပြတ်လပ်လာ

ဒီနေ့အချိန်မှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုရဲ့ အဓိက ဗဟိုချက်မနေရာတစ်ခုဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ စံချိန်တင်မြင့်တက်လာတာကြောင့် ပြည်နယ်တစ်ချို့မှာဆိုရင် အောက်ဆီဂျင်ဗူးတွေ ပြတ်လပ်လာကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကစလို့ မဟာရာရှာထရာပြည်နယ်အစိုးရက တစ်ခြားပြည်နယ်တစ်ချို့ကို အောက်ဆီဂျင်ဗူးတွေ ပံ့ပိုးပေးမှုရပ်ဆိုင်းလိုက်တာကြောင့် မာဂျာပရာဒက်စ်ပြည်နယ်နဲ့ ကာနာတာကာပြည်နယ်တွေမှာ အောက်ဆီဂျင်ဗူး လိုအပ်ချက်တွေ မြင့်တက်လာပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူဦးရေ ၄.၈သန်းကျော်ရှိပြီး ပြီးခဲ့တဲ့တစ်ပတ်ထဲမှာတင် ဓာတ်ခွဲခန်း အတည်ပြု လူနာသစ် ခြောက်သိန်းလောက်ရှိခဲ့ပါတယ်။

အချက်အလက်တွေအရ အိန္ဒိယနိုင်ငံရှိ ဆေးရုံ၊ ဆေးခန်းတွေမှာ စက်တင်ဘာလထဲ နေ့စဉ် အောက်ဆီဂျင်အသုံးပြုတဲ့ ပမာဏ တန်ချိန် ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ဧပြီလကတော့ တန်ချိန် ၇၅၀ လောက်ပဲရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်စက်ရုံ ၅၀၀ လောက်တဲ့ အိန္ဒိယနိုင်ငံမှာ အရင်က ကျန်းမာရေးဌာနတွေအတွက် အောက်ဆီဂျင်ဖြန့်ဝေပေးတာ ၁၅ ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် အခုတော့ ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၄၅ ရာခိုင်နှုန်းလောက်ကိုပဲ စက်မှုလုပ်ငန်းတွေအတွက် ထောက်ပံ့ပေးနိုင်တော့ကြောင်း သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC