ရန်ကုန်၊ ကိုဗစ်လူနာနဲ့ ကြိုတင်ပြင်ဆင်ထားရှိမှု

Feature

တစ်ကျော့ပြန် COVID-19 ကြောင့် ဓာတ်ခွဲအတည်ပြုလူနာတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ချီ တိုးလာနေပြီး သေဆုံး မှုနှုန်းကလည်း မြင့်တက်လာနေတာ ဒီကနေ့ (စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်း အထိဆိုရင် ဓာတ်ခွဲ အတည်ပြုလူနာ (၃၆၃၆) ဦးနဲ့ သေဆုံးသူ ၃၅ ဦးရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကတော့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးတွေ့ရှိရတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါတယ်။

ဒီလို ရာနဲ့ချီပြီး တိုးလာနေတဲ့ လူနာတွေကြောင့်ရန်ကုန်တိုင်းအတွင်း COVID-19 လူနာတွေကို အဓိကကုသ ပေးနေတဲ့ ဆေးရုံကြီးသုံးရုံမှာ လူနာပြည့်နေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ COVID-19 ကုသရေးဌာန ဖောင်ကြီးမှာ ၁၃၉၆ ဦး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ ၇၂ ဦး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ ၆၀ ဦး ၊ တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီးမှာ ၉ ဦး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထူးကု ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းဆေးရုံကြီးမှာ တစ်ဦးစီ ကုသမှုခံယူနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ နေ့စဉ် ထုတ်ပြန်ချက်တွေထဲကနေ လေ့လာသိရှိရပါတယ်။

လက်ရှိအခြေအနေအရ ဆေးရုံတွေမှာ လက်ခံနိုင်တဲ့ အနေအထားက ၉၅ ရာခိုင်နှုန်းအထိ ပြည့်နေပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က စက်တင်ဘာ ၁၄ ရက်တုန်းက ဆိုထားပါတယ်။

“လက်ရှိမှာဆိုရင် ဝေဘာဂီ၊ တောင်ဥက္ကလာရယ်၊ ဖောင်ကြီးတို့မှာထားတယ်။ အခုက လက်ခံနိုင်တဲ့ အနေ အထားက ၁၀၀ လက်ခံနိုင်တယ်ဆိုရင် လောလောဆယ်မှာ ၉၅ ရာခိုင်နှုန်း လောက်က ပြည့်နေပြီ” ဟု ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြပါတယ်။

အခုလို နေ့စဉ်နဲ့အမျှ များပြားလာတဲ့လူနာတွေကို ထားရှိဖို့ COVID-19 လူနာအများဆုံး လက်ခံကုသပေးနေတဲ့ ဖောင်ကြီးဆေးရုံကြီးမှာ လူနာများထားရှိနိုင်ဖို့ တိုးချဲ့ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

“ဖောင်ကြီးမှာကတော့ အရင်က ၆၀၀ လောက်ပဲ လက်ခံနိုင်တယ်။ အခုနောက်ပိုင်း တစ်ထောင်လောက်ထိ တိုးဖို့ကို ပြင်ဆင်နေတယ်။ ယာယီ Hospital Tent တွေ ပြုလုပ်သွားဖို့လည်း ပြင်ဆင်နေပါတယ်”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာရှိတဲ့ အဆောက်အဦတွေကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် ကစပြီး COVID-19 ရောဂါ လူနာတွေထားရှိဖို့အတွက် လူနာ ၆၂၀ ကျော်ထားရှိနိုင်တဲ့ ကုသရေး စင်တာတွေအဖြစ် ပြောင်းလဲပြင်ဆင် တည်ဆောက်ခဲ့ပါတယ်။

အဲဒီဖောင်ကြီးမှာ ထပ်မံတိုးချဲ့တည်ဆောက်လာခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ဩဂုတ် ၁၆ ရက်က COVID-19 ဒုတိယ လှိုင်း တစ်ကျော့ ပြန်ဝင်ရောက်လာခဲ့ချိန်မှာ ကူးစက်သူလူနာဦးရေ တိုးလာတဲ့အတွက် အောက် မြန်မာပြည်ရဲ့ ခံတပ်အဖြစ်ထားရှိ တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ရှိ အဆောက်အအုံ၊ အခန်း များ တိုးချဲ့ပြုပြင်၊ ဆောက်လုပ်ပြီး အခုဆိုရင် လူနာအယောက် ၁၄၅၀ ဦးထားရှိနိုင်တယ်”လို့ ပြောပါတယ်။

ရန်ကုန်က ဆေးရုံကြီးလေးရုံမှာလည်း PUI (စောင့်ကြည့်လူနာ)တွေထားဖို့ ယာယီဆေးရုံတွေ ပြင်ဆင်နေတယ်လို့ သတင်းတွေကြားသိရပါတယ်။

ဒီလိုပြင်ဆင်တာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး COVID-19 အရေးပေါ် ကုသရေးအဖွဲ့ ပါမောက္ခ ဒေါက်တာမော်မော်ဦးက “အခုက PUI တွေထားဖို့ မလောက်တော့ဘူးဆိုလို့ ရန်ကုန် ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကြီးတွေမှာ ယာယီဆေးရုံတွေ ဆောက်နေပါတယ်။ ဒီဆေးရုံတွေအားလုံးမှာက ၃၀ လောက်ပဲ ထားလို့ရ မှာ အားလုံးပေါင်းရင်တော့ ၁၂၀ ထားလို့ရမှာပေါ့”လို့ ဆိုပါတယ်။

အဲဒီဆေးရုံ လေးရုံထဲက ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းဆေးရုံတွေမှာက ၈၀ ရာခိုင်နှုန်းလောက်ပြီး သွားပြီလို့လည်း ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ရောဂါလက္ခဏာမပြသူတွေနဲ့ ရောဂါသက်သာလာတဲ့ လူနာတွေကိုတော့ ဒဂုံဆိပ်ကမ်းမြို့နယ် မှာရှိတဲ့ ရိုးမအိမ်ရာနဲ့ ယာယီဆေးရုံအဖြစ် ပြုပြင်ဆောင်ရွက်ထားတဲ့ လှိုင် Quarantine စင်တာမှာ ထားရှိသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID -19 အရေးပေါ် ကုသရေးအဖွဲ့ထံမှ သိရပါတယ်။

လှိုင် Quarantine စင်တာကိုတော့ ကုတင် ၅၀၀ ဆံ့ယာယီဆေးရုံအဖြစ် ပြင်ဆင်ထားတာ ဖြစ်တယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

ဒီလိုပြင်ဆင်ထားတာနဲ့ပတ်သက်ပြီး ဦးအောင်ကျော်ကျော်ဦးက “အခန်းက ၈၆ ခန်းရှိတယ်။ အဆောင် နှစ်ဆောင်ရှိတယ်။ အားလုံးပေါင်း အခန်း ၁၇၂ ခန်းတစ်ခန်းမှာ သုံးယောက်ဆံ့တဲ့ အခန်း ရှိတယ်။ ငါးယောက် ဆံ့တဲ့ အခန်းရှိတယ်။ အားလုံး ၅ဝဝ လောက်တော့ ထားလို့ရမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူတွေ ထားရှိဖို့ အားကစား ကွင်းနဲ့ အားကစားရုံနေရာတွေကို Quarantine စင်တာအဖြစ် တိုးချဲ့ဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သုဝဏ္ဏမြက်ခင်းတုအားကစား ကွင်းမှာ လူ ၂၀၀ ကနေ ၄၀၀ အထိ ထားရှိနိုင်ဖို့ ယာယီကုသရေးဆေးရုံ ကိုလည်း တိုးချဲ့တည်ဆောက်ဖို့လည်း စီစဉ်နေတယ်လို့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော် ထံမှ သိရပါတယ်။

အခုလိုတစ်ဖက်က ယာယီဆေးရုံတည်ဆောက်တာတွေကို ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ကန့်သတ် ချက်တချို့ကို ဖြေလျှော့ပေးလိုက်ပြီဖြစ်တဲ့အတွက် ဆေးရုံဆင်းတဲ့ လူတွေများလာမှာဖြစ်တာကြောင့် အထိုက် အလျောက် အဆင်ပြေသွားနိုင်မယ်လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

ဒေါက်တာခင်ခင်ကြီးက “ဆေးရုံဆင်းတဲ့ သတ်မှတ်ချက်က အရင်ကဆို နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့တော့မှ ပေးဆင်းရာကနေ အခုဆို ရောဂါလက္ခဏာသက်သာပြီး လေးရက်ဆိုဆင်းလို့ရပြီ။ ရောဂါဆိုးတဲ့ လက္ခဏာမပြတဲ့ လူတွေဆို ၁၄ ရက်ပဲထားပြီး ၁၅ ရက်ဆို ဆင်းလို့ရပြီ။ ရောဂါပြင်း ထန်ရင်တော့ ၂၁ ရက် သိပ်ဆိုးရင်တော့ ပိုကြာမှာပေါ့။ အဲ့ဒီလိုနည်းအားဖြင့် လုပ်တဲ့အတွက် ဆေးရုံ တွေမှာ လူပုံနေတာတွေ မဖြစ်တော့ဘူး။ Q Center တွေမှာလဲ သုံးပတ်ကနေ နှစ်ပတ်လျှော့ လိုက်တဲ့အတွက် အတိုင်းအတာတစ်ခုအထိတော့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ လက်ရှိ တစ်နေ့ကို ပိုးတွေ့တဲ့လူက ၁၀၀၊ ၂၀၀ လောက်ရှိတော့ အဲ့ပေါ်မှာ လွှမ်းခြုံပြီး လုပ်လုပ်ရ တာဖြစ်တယ်”လို့ ဆိုပါတယ်။

ဒီလို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခြေအနေတွေအပေါ် ကြည့်မယ်ဆိုရင် ရန်ကုန်မှာ ကိုဗစ်အတည်ပြု လူနာတွေ ၁၀၀၀ ကနေ ၂ဝဝဝ အတွင်း လက်ခံထားရှိနိုင်မယ့်အနေအထား ဖြစ်ပါတယ်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲ အတည် ပြု လူနာသစ် ၂၀၃ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူကတော့ ၄၂ ဦး ရှိထားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် နေ့စဉ်ပိုးတွေ့ရှိရတဲ့ လူဦးရေဟာ ဆေးရုံဆင်းခွင့်ရတဲ့ လူဦးရေထက် နှစ်ဆကျော်ရှိနေပါတယ်။

ဒီကနေ့ မနက် (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းအထိ ရောဂါဖြစ်ပွားသူ ၃၆၃၆ ဦးရှိနေချိန်မှာ ဆေးရုံဆင်း ခွင့်ရသူအရေအတွက်ကတော့ ၈၃၂ ဦးပဲရှိပါသေးတယ်။

စက်တင်ဘာ ၁၄ ရက်အတွက် ဓာတ်ခွဲအတည်ပြုလူနာ ၂၈၄ ဦး တွေ့ရှိခဲ့ရမှာတော့ ရန်ကုန်တိုင်းအတွင်းက ၂၁၂ ဦးပါဝင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီလိုမျိုး ရောဂါဖြစ်ပွားသူရာနဲ့ချီပြီး ငါးရက်ဆက်တိုက်လောက်တွေ့နေမယ်ဆိုရင် ရန်ကုန်မှာ လက်ရှိပြင်ဆင် ထားတဲ့ အဆောက်အအုံနေရာတွေမှာလဲ လူနာတွေ ပြည့်လာမယ့်အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ စနစ်တကျစီမံခန့်ခွဲနိုင်မှသာ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဆောင်းပါး – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – EPA ၊ MPA