နှာခေါင်းစည်းမတပ်သူတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ COVID-19 ကြောင့် ဆုံးပါးသွားသူတွေ မြေမြှုပ်ဖို့အတွက် ကျင်းတွေတူးခိုင်း

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသခံအာဏာပိုင်တွေဟာ လူစည်ကားရာနေရာတွေမှာ နှာခေါင်းစည်းမတပ်ဘဲ ချေင်းဆိုးကြတဲ့သူတွေကို COVID-19 ကြောင့် သေဆုံးခဲ့ရသူတွေကို မြေမြှုပ်ဖို့အတွက် ကျင်းတူးခိုင်းခဲ့ကြောင်း CNN သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်သိန်း၊ သုံးသောင်းကျော်နဲ့ သေဆုံးသူ ကိုးထောင်ကျော် အထိရှိလာတာကြောင့် နှာခေါင်းစည်းတပ်ဖို့နဲ့ လူစုလူဝေးရှောင်ကြဉ်ဖို့ စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်ထုတ်ထားပေမယ့် လူတစ်ချို့ကတော့ လိုက်နာမှုမရှိကြပါဘူး။

ဒါကြောင့်လည်း ဗဟိုအစိုးရက ဒေသခံအာဏာပိုင်တွေကို ပြစ်ဒဏ်စီရင်နိုင်တဲ့အခွင့်အာဏာပေးအပ်ပြီး COVID-19 စည်းမျဉ်း ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

စက်တင်ဘာလ ၉ ရက်ကတော့ အရှေ့ဂျာဗားပြည်နယ်၊ ဂရီဆစ်ဒေသရှိ ဆာမီခရိုင်မှာ လူလတ်ပိုင်း ၃ ဦး၊ လူငယ် ၅ ဦးကို နှာခေါင်းစည်းမတပ်ဘဲ ချောင်းဆိုးခဲ့ကြလို့ COVID-19 ရောဂါနဲ့ သေဆုံးခဲ့သူတွေကို မြေမြှုပ်သင်္ဂြိုလ်ဖို့အတွက် ကျင်းတွေ တူးခိုင်းခဲ့ပါတယ်။

ဒီလိုပြစ်ဒဏ်ချတာဟာ COVID-19 ရောဂါ ဘယ်လောက်ဆိုးရွားသလဲကို ပြစ်ဒဏ်ပေးခံရသူတွေ နားလည်သဘောပေါက်ဖို့ ရည်ရွယ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ခေါင်းဆောင် ဆူယိုနိုက CNN ကို ပြောခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – CNN