စစ်တွေမြို့သို့သွားရောက်ခဲ့သည့် SRT မှ စေတနာ့ဝန်ထမ်းများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့သည့် Special Rescue Team – SRT မှ စေတနာ့ဝန်ထမ်းများ ယနေ့ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း SRT မှ အဖွဲ့ခေါင်းဆောင် ဦးဝင်းသူကပြောသည်။။

ပြည်တွင်းကူးစက်မှု ဒုတိယအကြိမ်ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သြဂုတ် ၂၇ ရက်က စေတနာ့ဝန်ထမ်း(၁၀)ဦး သည် ပထမအကြိမ်အဖြစ် စစ်တွေမြို့သို့ ထွက်ခွာသွားပြီး ယနေ့ (စက်တင်ဘာ ၁၉ ရက်)တွင် သတ်မှတ်တာဝန်ထမ်းဆောင်ကာလ ရက်ပြည့်မြောက်သွားပြီဖြစ်သဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်းသိရသည်။

“စစ်တွေကိုဆယ်ယောက် အထူးကယ်ဆယ်ရေးအဖွဲ့သွားကြတာပါ။ စစ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေ ရက်ပြည့်သွားလို့ လေယာဉ်နဲ့ ပြန်လာပြီးတော့ လှိုင် ကွာရန်တင်းစင်တာမှာ Q ဝင်ပါမယ်”လို့ Special Recuse Teams အဖွဲ့ခေါင်းဆောင် ဦးဝင်းသူက ပြောသည်။

ယခု စစ်တွေမြို့မှပြန်လာသူ စေတနာ့ဝန်ထမ်း ၁၀ ဦးအဖွဲ့ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတဆင့် လှိုင် ကွာရန်တင်းစင်တာသို့ ချမှတ်ထားသော စည်းကမ်းချက် များအတိုင်း ပို့ဆောင်ပြီး ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း – ကြယ်စင်
ဓာတ်ပုံ – SRT Facebook
ပုံစာ – SRT အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေမြို့သို့ ထွက်ခွာစဉ်