လှိုင်သာယာရှိ အစိုးရနည်းပညာအထက်တန်းကျောင်း Quarantine Center ဖွင့်လှစ်

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် လူဦးရေ ၇၀ ဆန့် Quarantine Center ကို ယနေ့ (စက်တင်ဘာလ ၁၉ ရက်) ညနေပိုင်းမှ စတင်ကာ မြို့နယ်တွင်းမှ အနံ့မရရှိသူများကို ထားရှိသွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှသိရသည်။

“မနေ့ကတည်းက စထားနိုင်ဖို့မျှော်လင့်တာပေါ့။ ဒါပေမဲ့ ပြင်တာဆင်တာနဲ့ ဆိုတော့ ဒီညနေလောက် စထားနိုင်မယ်။ အဲဒီမှာက အနံ့မရတဲ့သူတွေကိုထားမှာပါ။ ဒီကျောင်းမှာက Primary contact တွေနဲ့ အနံ့မရတဲ့သူတွေကို ရောမထားချင်တဲ့အတွက် အနံ့မရတဲ့သူတွေကို သီးသန့်ထားဖို့ ဒီလိုမျိုး မြို့နယ်ကော်မတီက စီစဉ်တာပါ။ သူတို့က ရောဂါပိုးရှိတဲ့သူတွေမဟုတ်သေးတော့ ဘာပဲပြောပြော Primary သက်သက်၊ အနံ့မရတဲ့သူ သက်သက် ထားတာပါ”ဟု ဦးမြတ်မင်းသူက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း၌ COVID-19 ပိုးတွေ့လူနာများနှင့် တိုက်ရိုက် အဆက်အစပ်ရှိသည့် Primary Contact များကို မြို့နယ်ရှိ သုံးထပ်သာသနာ့ဗိမာန်တွင် လွန်ခဲ့သည့် ငါးရက်ကတည်းက Quarantine Center ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခုက ပြီးခဲ့တဲ့ ရက်က အခက်အခဲနည်းနည်း ဖြစ်သွားတာလေးက Swab ယူပြီးတဲ့အခါမှာ Positive ဖြစ်သွားတဲ့လူတွေကို တိုင်းကျန်းမာရေးကနေ သက်မှတ်ထားတဲ့ဆေးရုံပို့ရတာကိုး။ကျွန်တော်တို့စီမှာ အကြပ်အတည်းလေးတွေရှိတဲ့အတွက် Positive လူနာတွေ့တာနဲ့ ကြားထဲမှာ အခက်အခဲဖြစ်လို့ Quarantine Center ကနေ ချက်ချင်းမသယ်နိုင်ခဲ့ရင် ဆက်ကြားကာလမှာ ရွှေလင်ပန်းတိုက်နယ်ဆေးရုံမှာ ခဏယာယီထားပါမယ်”ဟု ဦးမြတ်မင်းသူက ဆက်လက် ပြောကြားသည်။

ထို့အပြင် လှိုင်သာယာတွင် အရေးပေါ်အခြေအနေဖြစ်လာခဲ့ပါက နေရာအခက်အခဲအတွက် စာသင်ကျောင်းများကို Quarantine Center အဖြစ်ထားရှိရန် ပြင်ဆင်နေပြီး Secondary Contact များကိုလည်း နေအိမ်တွင် Home Quarantine ထားရှိပြီး လိုအပ်သည့် ကြည့်ရှုစောင့်ကြပ်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး/ စံတော်ချိန်
ဓာတ်ပုံ – Myatmin Thu FB