လန်ဒန်ဂိုဒေါင်ထဲမှ ပျောက်ဆုံးသွားတဲ့ တန်ဖိုးကြီးစာအုပ်တွေကို ရိုမေးနီးယားနိုင်ငံမှာ ပြန်တွေ့

လန်ဒန်မြို့၊ ဂိုဒေါင်တစ်ခုတစ်ကနေ ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃.၂ သန်းဖိုးရှိ တန်ဖိုးကြီး စာအုပ်နှစ်ရာခန့်ကို ရိုမေးနီးယားနိုင်ငံ၊ ကျေးလက်ဒေသက အိမ်တစ်လုံးရဲ့ ကြမ်းပြင်အောက်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

ပျောက်ဆုံးသွားတဲ့ စာအုပ်တွေထဲမှာ ဂယ်လီလီယိုနဲ့ အိုင်းဆက်နယူးတန်တို့ရဲ့ ပထမဆုံးအကြိမ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။

သူခိုးတွေဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ဂိုဒေါင်ထဲကို အမိုးကနေ ဖောက်ထွင်းဝင်ရောက်ပြီး အာရုံခံစနစ်ကို ကျော်ဖြတ် ခိုးယူခဲ့တယ်လို့ သိရပါတယ်။

ခိုးယူသွားသူတွေဟာ ရိုမေးနီးယားရာဇဝတ်ဂိုဏ်းအဖွဲ့တစ်ဖွဲ့နဲ့ ဆက်စပ်သူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပေမယ့် စာအုပ်တွေကိုတော့ လေးနှစ်နီးပါးအကြာမှ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လန်ဒန်မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ဒီရာဇဝတ်ဂိုဏ်းဟာ ဗြိတိန်တစ်လွှား တန်ဖိုးကြီးပစ္စည်းတွေထားတဲ့ ဂိုဒေါင်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်းခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC