“ဒုတိယပုစ္ဆာ”

အခု လျှာကို အလိုမလိုက်တော့ဘူး
ပေါက်စီကို ဘယ်တော့မှ မစားတော့ဘူး
လင်းနို့စွပ်ပြုတ်တဲ့
ဝူဟန်မြို့သားတွေ တီထွင်လိုက်တဲ့သတင်း
ကြက်သီးမွေးညင်းထပြီး ဖျားသွားတယ်
အခုလည်း လင်းနို့ပေါက်စီတဲ့
ဝူဟန်သားတွေရဲ့ နောက်ဆုံးပေါ်စပယ်ရှယ်အစားအစာ
တကယ့် ပါရမီရှင်တွေပါပဲ
ဝူဟန်မြို့ကနေ ကမ္ဘာအနှံ့အပြား ဖြန့်ချိလိုက်တဲ့
လင်းနို့ပေါက်စီမှာ
သုတေသီတွေ တရားဝင်ထုတ်ပြန်ချက်အရ
ဟစ်တလာရဲ့ နှုတ်ခမ်းမွှေး
ကမူးရဲ့ ပုလိပ်ဝတ္ထုထဲက စာသားများ
တတိယမြောက် အနုမြူဗုံးရဲ့ ဖော်မြူလာ
စသည့်ပစ္စည်းများနဲ့ ဂျုံအချိုးကျပါဝင်ကြောင်း
ထပ်မံပြီး တွေ့ရှိချက်တစ်ခုက
လင်းနို့ပေါက်စီမှာ
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ တွေ့ရှိရတယ်လို့ဆိုပါတယ်
ကိုဗစ်နိုင်တင်းရောဂါကို
ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီးနောက်
လော့ခ်ဒေါင်းချထားရတဲ့နေရာတွေ
တစ်မြို့ပြီးတစ်မြို့
ဒေသတွေ တစ်ခုပြီးတစ်ခု
ပြဿနာက
ငါတို့ အစာအိမ်ကို Mask တပ်လို့မရ
လော့ခ်ဒေါင်းချလို့မရ။ ။

နေစိမ့်