Lockdown ဖြေလျော့မှုများနှင့်ဥရောပရဲ့COVID-19 ဒုတိယလှိုင်း

ကမ္ဘာတဝန်းမှာ ခရီးသွားလာမှုတွေပြန်လည်စတင်ခဲ့ပြီးနောက်၊ စားသောက် ဆိုင်နဲ့ စာသင်ကျောင်း တွေပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်ကူးစက်မှုဟာ စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် တကျော့ပြန်မြင့်တက်လာခဲ့ပါတယ်။ တစ်နည်းပြောရရင် လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ COVID-19 ကပ်ရောဂါရဲ့ ဒုတိယလှိုင်းရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး အဲဒီအထဲမှာ ကျန်းမာ ရေး စောင့်‌ရှောက်မှုအဆင့်အတန်းမြင့်မားပြီး ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ ဥရောပနိုင်ငံတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ဥရောပရဲ့ကူးစက်နှုန်းက ဘာ့ကြောင့် ပြန်လည်မြင့်မားလာရသလဲ

ယခုနှစ်ဆန်းပိုင်းက COVID-19 ရောဂါရဲ့ပထမအကြိမ်ရိုက်ခတ်မှုခံခဲ့ရပြီးနောက် လက်ရှိအချိန်မှာ ဥရောပ ဒေသဟာ နောက်တစ်ကြိမ်ကူးစက်ပြန့်ပွားမှုကို အကြီးအကျယ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒုတိယ လှိုင်း လို့ ခေါ်ကြတဲ့ ဒီကူးစက်မှုရဲ့အကြောင်းရင်းကတော့ Lockdown ပိတ်ဆို့မှုကို ‌အချိန်မတိုင်သေးဘဲ ပြန် လည် ဖြေ လျော့ပေးလိုက်တဲ့အချက်ပဲဖြစ်တယ်လို့ အီဒင်ဘာ့ဂ်တက္ကသိုလ်ရဲ့ ပြည်သူ့ ကျန်းမာ ရေးဆိုင် ရာ ပါမောက္ခ လင်ဒါဘော့ဒ် က ဆိုပါတယ်။ “တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ကို မကူးစက်နိုင်အောင် ထိန်းကွပ်ထားခဲ့ရုံ ပဲရှိတာပါ။ လုံးဝနှိမ်နင်းနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒီအချိန်မှာ Lockdown ကို ပြန်လည်ဖြေလျော့လိုက်တော့ ဗိုင်းရပ်စ်ပြန်ပြီးပျံ့နှံ့လာတာပဲဖြစ်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
နောက်တစ်ချက်က နည်းပညာနဲ့ငွေကြေးအင်အားအရ ဓာတ်ခွဲစမ်းသပ်မှုကို အလုံးအရင်းနဲ့ ဆောင်ရွက်နိုင် တာပဲဖြစ်ပါတယ်။ များများစစ်နိုင်တဲ့အတွက်ကြောင့် ပိုးတွေ့ရှိသူများများထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်ဖက် ကကြည့်ရင်တော့ ရေရှည်မှာ ရောဂါထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘယ်နိုင်ငံတွေမှာ ပိုးကူးစက်မှုနှုန်းမြင့်မားနေသလဲ

ဥရောပရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက တနင်္လာနေ့ထုတ်ပြန်ချက်အရ စပိန်နိုင်ငံတွင်းက လူ တစ်သိန်းမှာ COVID -19 ကူးစက်ခံရသူ ၃၀၀ ခန့်ရှိပြီး ဥရောပဒေသတွင်းမှာတော့ ကူးစက်မှု နှုန်း အများ ဆုံးဖြစ်နေကြောင်း သိရပါတယ်။ စပိန်ရဲ့နောက်မှာတော့ ချက်၊ ပြင်သစ်၊ လူဇင်ဘော့၊ မော်လ်တာ၊ ဘယ်ဂျီယံ၊ ဟန်ဂေရီနဲ့ ဩစတြီးယားတို့က အစဉ်လိုက်ပါဝင်နေပါတယ် ဒါပေမဲ့ ပိုးတွေ့လူနာတွေ သိသိသာသာ များ လာတဲ့ ဗြိတိန်ကိုလည်း စိုးရိမ်ဖွယ်စာရင်းထဲ ထည့်ထားရပါလိမ့်မယ်။

ဥရောပရဲ့ ပိုးကူးစက်နှုန်းအများဆုံးဖြစ်နေတဲ့စပိန်ကိုကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး မက်ဒရစ်မြို့တော် ရဲ့အစိတ်အပိုင်းတွေကို Lockdown အသစ်ချမှတ်လိုက်ပါပြီ။ မြို့တွင်းက လူပေါင်း ၈ သိန်းခွဲ ရဲ့အသွား အလာအနေအထိုင်ကန့်သတ်မှုတွေကိုလည်း တင်းကျပ်လိုက်ပြီဖြစ်ပါတယ်။ နောက် တစ်ရက်ဖြစ်တဲ့ အင်္ဂါနေ့မှာဆိုရင်တော့ စပိန်အစိုးရဟာ Lockdown သတ်မှတ်ချက်တွေအတိုင်း လိုက်နာ ရေးအတွက် မြို့ခံပြည်သူတွေကို ဖိအားပေးဖို့ စစ်တပ်ရဲ့အကူအညီကိုတောင် ရယူခဲ့တယ်လို့ သိရပါတယ်။

ဒုတိယကူးစက်မှုအများဆုံးဖြစ်တဲ့ ချက်နိုင်ငံမှာတော့ ကူးစက်သူဦးရေ ၅ သောင်းကျော်လာပြီးနောက် တစ် နိုင်ငံလုံးအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင်လည်း စက်တင်ဘာလ ၁၂ ရက်‌က ပိုးတွေ့လူနာ ၁၀၀၀၀ အထိရှိခဲ့ပြီး တစ်ရက်အတွင်းအများဆုံးစံချိန်တင်ခဲ့ပါတယ်။ ပိုးကူးစက်သူ ၄၃၆၈ ဦးတွေ့ထားတဲ့ဗြိတိန်ကတော့ ဒုတိယအကြိမ်တစ်နိုင်ငံလုံး Lockdown ချရေးအတွက် စဉ်းစား နေပြီဖြစ် ပါတယ်။

မလွှဲသာမရှောင်သာကြုံတွေ့ရမယ့် ဒုတိယလှိုင်းလား

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာကြုံတွေ့နေသလို ဥရောပမှာလည်း တစ်ကျောပြန် ရိုက် ခတ် နေပြီဖြစ်တဲ့ COVID-19 ဒုတိယလှိုင်းဟာ တစ်ကမ္ဘာလုံးအတွက် မလွှဲသာ မရှောင် သာကြုံ တွေ့ရ မယ့် စိန်ခေါ်မှုလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပ ဒေသ ဆိုင်ရာဒါရိုက်တာဒေါက်တာဒိုရစ်နစ်ဇန်က လက်ရှိအခြေအနေဟာ တစ်ကမ္ဘာလုံးအတွက် အချက်ပြ ခေါင်းလောင်းသံဖြစ်နေပြီလို့ ဆိုပါတယ်။ အယ်ဂျာဇီးယားသတင်းဌာနနဲ့တွေ့ဆုံရာမှာ ‌ဒေါက်တာဒိုရစ်က “စက်တင်ဘာပထမသီတင်းပတ်အတွင်းမှာတင် ဥရောပဒေသတစ်ခုလုံးမှာ လူ သုံးသိန်းကျော်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါဟာ လူမှုအသွားအလာကန့်သတ်မှုဖြေလျှော့ပေးတာတွေ၊ လူမှုကယ်ဆယ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ခြေကုန်လက်ပန်းကျလာတာတွေကြောင့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်လာနိုင်မလား

နောက်ဆုံးအနေနဲ့ COVID-19 ရောဂါလက်ရှိကူးစက်မှုဟာ ပိုမိုဆိုးရွားလာနိုင်တဲ့ အနေအထားရှိ သလား ဆို တာကို ကြိုတင်‌မေးခွန်းထုတ်ရပါလိမ့်မယ်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ Lockdown ပိတ်ချမှုနဲ့ တိုက်ရိုက် ဆက် စပ်နေပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ဘယ်လောက်ပဲ ဘဏ္ဍာရေး အင်အား တောင့်တင်း တယ် ပြော ပြော၊ Lockdown အပြည့်ပိတ်ချလိုက်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဗိုင်းရပ်စ် ကူးစက် မှု ဆက် လက်မြင့် တက် လာနိုင်မယ့်အခြေအနေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကိုသာ လူမှုကူးလူးဆက်ဆံရေးကနေ ဖယ်ခွာထားဖို့ WHO က အကြံပြုထားကြောင်း တင်ဆက်ဖော်ပြလိုက်ရပါတယ်။