ဧရာဝတီတိုင်းအတွင်းရှိ ဝင်ထွက်ဂိတ်အားလုံးကို ထောက်ခံစာပြဖြတ်သန်းနိုင်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့၊ ရပ်ကွက်နှင့် ကျေးရွာများကို ဝင် ရောက် ဖြတ်သန်း မည့်ဂိတ်များတွင် ပိတ်ဆို့ တားဆီးမှုများရှိပါက ခရီးသွား ထောက် ခံစာပြကာ ဖြတ်သန်းနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက် ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင် Stay at Home နေထိုင်ရမည့် ၁၁ မြို့နယ်ကို ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဖျာပုံနှင့် မအူပင်မြို့နယ် များ ပါဝင်ပြီး အဆိုပါ မြို့နယ်များသို့ သွားလာမည့်သူများကို ဒေသတွင်း အာဏာ ပိုင်အချို့မှ ပိတ်ပင်တားဆီးမှုများအပေါ် ဝန်ကြီး ဦးဝင်းဌေးက သုံး သပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြို့တွေကို မလာဖို့ မသွားဖို့ ညွှန်ကြားထားတာ မရှိဘူး။ ထုတ်ပြန်ချက် ထဲမှာပါတယ်။ ရပ်ကွက်ထောက်ခံစာတို့ ဘာတို့ ပြပြီးသွားလာလို့ရတယ်။ ရေးထားတဲ့အတိုင်းပဲ ကုန်တင်ယာဉ်တွေကလည်း သွားလာလို့ရတယ်။ ပြည်ထောင်စုက ထုတ်ပြန်ထားတဲ့အတိုင်းပဲ အဲ့ထဲမှာ အသေးစိတ်ပါတယ်။ တားတယ်ဆိုရင် အဲ့စာပြပြီး ကိုင်ပြောလို့ရတယ်။”ဟု ဧရာဝတီ တိုင်း ဒေ သကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း ကျန်းမာရေးအစစ်ဆေးခံရသည့် ပုသိမ်မြို့ ကိုးဆူဂိတ်ကို စတင်ကာ ပိတ်လိုက်ကြောင်း သတင်းများ အွန် လိုင်း ပေါ် ပျံ့နှံ့လာခဲ့သည်ကို တွေ့ရပြီး ဂိတ်ပိတ်လိုက်သည့် သတင်းနှင့် ပတ်သတ်ပြီး ကိုးဆူစစ်ဆေးရေးဂိတ် တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ ဂိတ်ပိတ် လိုက် သည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

“ဂိတ်ပိတ်လိုက်တယ်ဆိုတာ သတင်းအမှားပါ။ လက်ရှိအချိန်ထိ ဂိတ်ကို အစိုးရ ဝန်ထမ်းတွေ၊ Stay at home အမိန့်မှာ သွားလာခွင့်ပြုထားတဲ့သူတွေနဲ့ ပြည် သူ တွေကို အကြောင်းအရာခိုင်လုံပြီး ထောက်ခံစာ အပြည့်စုံပါရင် ဝင်ထွက် သွားလာဖို့ ခွင့်ပြုပေးထားပါတယ်။”ဟု ပုသိမ်မြို့ကိုးဆူစစ်ဆေးရေးဂိတ်မှ ကြီးကြပ်ရေးအဖွဲ့ဝင် မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဌ ဦးသိန်းအောင်က ပြောသည်။

အကြောင်းအရာခိုင်လုံပြီး ထောက်ခံစာအပြည့်အစုံပါရှိသည့်သူများကို ဂိတ်မှ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး ဝင်ထွက် သွားလာ ခွင့် ပြုသော်လည်း Stay at Home အမိန့်ကြောင့် ယနေ့ နံနက် (စက်တင်ဘာ ၂၆ ရက်) အစောပိုင်းတွင် ဂိတ်ကိုတာဝန်ရှိသူများ မရောက်ခင် ဝင်ထွက်ခွင့် ခေတ္တ ပိတ်ထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ Covid-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၁၉၁ ဦးအထိ ရှိကာ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းရသူ ၄၁ ဦးရှိကာ သေဆုံးသူ မရှိသေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

သတင်း၊ဓာတ်ပုံ-မျိုးမင်းထွန်း (မြစ်မခ)