သတိပြုရမည့် ခွေးရူးရောဂါ

စက်တင်ဘာ ၂၈ ရက်နေ့သည် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) ဖြစ်သည်။ ခွေးရူးရောဂါ ကာကွယ်ဆေးကို ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့် သိပ္ပံပညာရှင် Louis Pasteur၏ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါရက်ကို ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့အဖြစ် ကမ္ဘာလုံးဆိုင်ရာ ခွေးရူးရောဂါ ထိန်းချုပ်ရေးအဖွဲ့က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “ ခွေးရူးရောဂါ အဆုံးသတ်ရေး ကာကွယ်ဆေးထိုးကာ ပူးပေါင်းပေး“ ဖြစ်သည်။ “ခွေး”သည် သတ္တဝါများထဲတွင် လူနှင့်ရင်းနှီးဆုံးမိတ်ဆွေဖြစ်သော်လည်း စနစ်တကျမွေးမြူထားခြင်းမရှိသည့် လေလွင့်ခွေးများ အကိုက်ခံရမှုကြောင့် လူအများထိခိုက်ဒဏ်ရာရခြင်း၊ ခွေးရူးရောဂါကြောင့် သေဆုံးခြင်းများဖြစ်ပေါ်လေ့ရှိရာ ခွေးရူးရောဂါအန္တရာယ်သည် လူတိုင်းအတွက် အရေးကြီးသည့် ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်သည် ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် ခွေးရူးရောဂါကြောင့် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်း အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ (၅၅၀၀၀)မှ (၇၀၀၀၀)ခန့် သေဆုံးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ခွေးရူးရောဂါသည် လေလွင့်ခွေးများကြောင့်သာ ဖြစ်ပွားစေသော်လည်း အဆိုပါ ခွေးအားလုံးလိုလိုမှာ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိပေ။ တစ်နေ့တစ်ခြား များပြားနေသည့် လေလွင့်ခွေးများကြောင့် အများပြည်သူတို့ ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာက နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသဖြင့် ၂၀၁၇ ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူ (၁၅,၀၀၀) ခန့် ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူပေါင်း (၁၀,၀၀၀)ခန့်အထိ ကျဆင်းလာသည်။ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ အရေအတွက်သည်လည်း (၂၀၁၄) ခုနှစ်တွင် (၁၅၂) ဦးရှိရာမှ (၂၀၁၈) ခုနှစ်တွင် (၇၁) ဦးအထိ ကျဆင်းခဲ့သည်။ သို့သော်လည်း နေရာအနှံအပြားတွင် ခွေးကိုက်ခံရသည့် အရေအတွက် များပြားနေဆဲဖြစ်ရာ လေလွင့်ခွေးများ ထိန်းချုပ်ရေးကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ပါက အမျိုးသားကျန်းမာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေဦးမည်ဖြစ်သည်။

လူတွင်ဖြစ်ပွားလေ့ရှိသော ရောဂါများ၏ ၇၅ ရာခိုင်နှုန်းသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိရာ လေလွင့်ခွေးကောင်ရေ များပြားလာခြင်း၏ နောက်ဆက်တွဲအဖြစ် ခွေးကိုက်ခံရမှုနှင့် ခွေးရူးရောဂါ ဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်တက်စေမည် ဖြစ်သည်။ လူဦးရေထူထပ်သော ရန်ကုန်မြို့တော်တွင်ပင်လျှင် ခွေးအကောင်ရေ သိန်းနှင့်ချီရှိနေသော်လည်း မှတ်ပုံတင်ထားသည့် ခွေးအကောင်ရေမှာ ၇၀၀၀ ခန့်သာရှိသည်။ တစ်နေ့တခြား များပြားလာနေသော လေလွင့်ခွေးများကြောင့် အများပြည်သူတို့ ထိခိုက်မှုမရှိစေရန် မြို့တော်စည်ပင်မှ နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းပေးနေသော်လည်း သိသာထင်ရှားသည့် အောင်မြင်မှုများ မရရှိသေးပေ။ ၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၄ သန်းကျော်အထိ ရှိနေသည်။ ခွေးများသည် ပင်ကိုသဘာဝအရ အသက်ခြောက်လမှ ရှစ်လအတွင်း မျိုးပွားနိုင်စွမ်းရှိပြီး မျိုးပွားနှုန်းမှာလည်း တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်မှ နှစ်ကြိမ်အထိ သားပေါက်ဖွားနိုင်သည်။ ထို့ကြောင့် ခွေးများသည် မွေးဖွားနှုန်းများပြားသည့် သတ္တဝါမျိုးဖြစ်ရာ လက်ရှိ ခွေးကောင်ရေ ၄ သန်းကျော်၏ အနာဂတ်ကို သက်ဆိုင်ရာက မည်သို့မည်ပုံ စီမံခန့်ခွဲကြမည်နည်းဟူသည့်အချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ခွေးရူးကိုက်ခံရသူတစ်ဦးသည် ကာကွယ်ဆေးကို မထိုးနိုင်ပါက ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်သည့်အတွက် အထူးသတိပြုရမည့် ရောဂါဖြစ်သည်။ သုတေသနတွေ့ရှိချက်များအရ မည်သည့်နေရာဒေသတွင်မဆို ခွေးကောင်ရေ၏ အနည်းဆုံး (၇၀ ရာခိုင်နှုန်း)အား ကာကွယ်ဆေးလွှမ်းခြုံအောင် ထိုးနှံပေးနိုင်ပါက ခွေးရူးရောဂါ ကူးစက်မှု သံသရာကို ဖြတ်တောက်နိုင်ကြောင်း ရလဒ်များရှိပြီး ဖြစ်ရာ လေလွင့်ခွေးများ ထိန်းချုပ်ရေးတွင် ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့ရာတွင် ယင်းကိစ္စသည် အစိုးရတစ်ခုတည်း၏ လုပ်ဆောင်မှုဖြင့် အောင်မြင်ရန် ခက်ခဲမည်ဖြစ်ရာ ခွေးချစ်သူများက မိမိတို့၏ခွေးများအား စနစ်တကျမွေးမြူခြင်း ၊ ဇီဝါတဒါနအဖြစ် လေလွင့်ခွေးကယ်ဆင်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းလုပ်ဆောင်ခြင်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီရန်လိုအပ်သည်။ သို့မှသာ မြန်မာနိုင်ငံက ဖော်ဆောင်နေသည့် ခွေးရူးရောဂါပပျောက်ရေး ရည်မှန်းချက်များကို အထောက်အကူပြုစေမည်ဟု စံတော်ချိန်က ရှုမြင်ပါသည်။