“ဖေးမကူကာ လှူလှည့်ပါ”

မြန်မာနိုင်ငံရဲ့တစ်ကျော့ပြန် COVID 19 ကပ်ရောဂါပျံ့နှံ့မှုကိုသုံးသပ်ကြည့်တော့ အခြေအနေတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုဆိုးနေမလားလို့တွေးဆမိပါတယ်။ ကူးစက်မှုနဲ့သေဆုံးမှုနှုန်းအရရော ပျံ့နှံ့မှုဧရိယာပါ မြင့်တက်ကျယ်ဝန်းနေတာမို့ တကယ်လို့(မပြောကောင်းမဆိုကောင်း) ဒီအခြေအနေအတိုင်းသာဆက်ပြီး ရှည်ကြာနေမယ်ဆိုရင် ဆင့်ပွားတွေးပူစရာတွေလည်းရှိလာတော့မှာအမှန်ပါ။

အဲဒီထဲမှာ ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းတွေအတွက် အန္တရာယ်ကိုမငဲ့ဘဲ ရှေ့တန်းကကြိုးပမ်းဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်နဲ့ စေတနာရှင်လုပ်အားပေးတွေ ရုပ်ပိုင်း၊ စိတ်ပိုင်း တောင့်မခံနိုင်တော့မှာစိုးရတဲ့ကိစ္စဟာအရေးကြီးလှသလို သက်ဆိုင်ရာညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆင်ခြင်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ရပ်တည်ရှင်သန်ရေး ပြဿနာဟာလည်း အလေးထားစိုးရိမ်ပူပန်စရာတစ်ခုလို့ပြောရပါမယ်။ တကယ်တော့ ကူးစက်မြန်ကပ်ရောဂါရဲ့ ဖိစီးခြိမ်းခြောက်မှုဒဏ်ကို လူတန်းစားအားလုံး ပုံစံမျိုးစုံနဲ့ ပမာဏအကြီးအသေးအလိုက် သက်ရောက်ခံစားနေကြရတာဖြစ်ပေမယ့် အနိမ့်ဆုံးအလွှာက ဆင်းရဲသားပြည်သူတွေရဲ့(အသက်ဆက်ရေးလို့ပြောရမယ့်) ဝမ်းရေးပြဿနာကတော့ ကပ်ဘေးအန္တရာယ်နဲ့မခြား စိတ်ပူစရာအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

အခုဆို ကူးစက်ပျံ့နှံ့မှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့က ထပ်မံတိုးချဲ့ထားရတဲ့ COVID 19 ကုသရေးဆေးရုံတွေမှာရော Quarantine Centre တွေမှာပါ နေရာမပေးနိုင်မှု၊ လက်မခံနိုင်မှု၊ အချိန်မီမခေါ်ဆောင်နိုင်မှုနဲ့ စားရေရိက္ခာကြန့်ကြာမှုလို အခက်အခဲမျိုးတွေကို တွေ့ကြုံနေရတယ်လို့ သတင်းတချို့ကြားသိရသလို မြို့နယ်အသီးသီးက Fever Clinic နဲ့ ပြည်သူ့ဆေးရုံကြီးတွေရဲ့အရေးပေါ်ဌာနတွေမှာလည်း အနံ့ပျောက်လက္ခဏာအပါအဝင် ဖျားနာဝေဒနာခံစားနေရတဲ့ သံသယလူနာတွေ တစ်နေ့တစ်ခြား များပြားစုပြုံနေတယ်လို့သိရပြန်တယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာကျန်းမာရေးပညာရှင်၊ အကြီးအကဲတွေက ရှိသမျှအရင်းအမြစ်တွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အသင့်တော်ဆုံး ကာကွယ်၊ ကုသရေးနည်းဗျူဟာတွေကို ရွေးချယ်ကျင့်သုံးပြီး ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရတဲ့တိုင် ဒီအခြေအနေမှာ လက်တွေ့လုပ်ငန်းနယ်ပယ်က တိုက်စစ်မှုးတွေရဲ့ စွမ်းဆောင်နိုင်မှုအတိုင်းအဆတွေဟာလည်း အကဲစမ်းစိန်ခေါ်ခံနေရပြီဆိုတာ ငြင်းမရတဲ့အချက်လို့ပြောရပါမယ်။

အဲဒီလိုပါပဲ မလွှဲသာမရှောင်သာ ထိန်းချုပ်တားမြစ်ထားရတဲ့ Stay at Home သတ်မှတ်ချက်ကာလရှည်ကြာမှုနဲ့အတူ အခုနောက်ဆုံးစက်တင်ဘာ၂၄ ရက်ကစတင်ပြီး ကန့်သတ်လိုက်တဲ့ဖြတ်တောက်ပိတ်သိမ်းရေးစီမံချက်ကြောင့် လတ်တလောမှာဆိုရင် ရပ်ကွက်ထဲက ချို့တဲ့နွမ်းပါးတဲ့သာမန်လူတန်းစားတွေရဲ့ နေ့စဉ်ဘဝဟာ ကြောင့်ကျပူပန်မှုတွေကို အဖော်ပြုနေကြရပါပြီ။ နဂိုတည်းကမှ အိမ်ထောင်စု ၁၀ စုမှာ ၈ ခုလောက်က အကြွေးမကင်းရတဲ့အထဲ အလုပ်အကိုင်တွေရပ်နား၊ ဈေးရောင်းလို့ကမရ၊ ရပြန်ရင်တောင် လမ်းပေါ်မှာလူမရှိ၊ တစ်ဖက်မှာကလည်း ရောဂါအန္တရာယ်ကိုကြောက်လန့်နေရနဲ့ လက်လုပ်လက်စားပြည်သူတွေရဲ့ ကံကြမ္မာဟာအားလုံးထဲမှာ အဆိုးဆုံးဖြစ်လာနေပြီထင်ပါတယ်။

မနေ့တစ်နေ့ကပဲ ကျွန်တော့အသိ ဆိုက်ကားဆရာတစ်ယောက်က သူနေ့ခင်း ၁ နာရီလောက်တည်းက မိုးရွာရွာ၊ နေပူပူဆိုပြီး လမ်းဆုံမှာ ပေစောင့်နေတာ ညနေ ၄ နာရီခွဲတဲ့အထိ ပါဆင်ဂျာတစ်ယောက်မှမရသေးတဲ့အကြောင်း ကျွန်တော့ကိုစိတ်ပျက်လက်ပျက်နဲ့ ပြောပြရှာတယ်။ သူနည်းတူ တက္ကစီယာဉ်မောင်းတစ်ယောက်ကို “ဆွဲကောင်းရဲ့လား” လို့ ဝတ်ကျေတမ်းကျေသဘောနဲ့ ကျွန်တော်မေးကြည့်တော့ ကပ်ဘေးကိုလည်းကြောက်ရ၊ ကားငှားစီးမယ့်သူလည်းမရှိလို့ ဓာတ်သိထဲက ဖုန်းဆက်ခေါ်မှပဲလိုက်ပို့ပေးရပြီး ကျန်တဲ့အချိန်တွေတော့ ငုတ်တုတ်ပေါ့ဆရာရယ်တဲ့။

ဟိုတစ်နေ့ကလည်း ရပ်ကွက်ထဲက သက်လတ်ပိုင်းအမျိုးသမီးနှစ်ယောက် စကားပြောနေပုံနည်းနည်း ထူးခြားလို့နားစွင့်ကြည့်တော့ မနက်ဖြန်ကစပြီး ဈေးထွက်လို့မရတော့ဘူးဆိုရင် ဘာနဲ့သွားစားမလဲတဲ့ အသုပ်၊ မုန့်ဟင်းခါးရောင်းတဲ့ဈေးသည်မက သူ့သူငယ်ချင်းကို မျက်ရည်စတချို့ဖယ်ရှားရင်း ရင်ဖွင့်ပြောပြနေတာကိုတွေ့ခဲ့ရတယ်။

အဲဒီလိုအခြေအနေ၊ အဖြစ်အပျက်တွေကြောင့်ပဲ ကျွန်တော်အထူးတလှယ် စဉ်းစားမိလိုက်တာတစ်ခုကတော့ ဒီလိုအချိန်၊ ဒီကာလမျိုးမှာ အမျိုးအဆွေ၊ အသိုင်းအဝိုင်းထဲကပဲဖြစ်စေ၊ ဒါမှမဟုတ်လည်း ပတ်ဝန်းကျင်အနီးအနားက စားနိုင်သောက်နိုင် မိတ်ဆွေရောင်းရင်းတွေအနေနဲ့ ကြံရာမရလောက်အောင် အခက်အခဲဖြစ်နေနိုင်တဲ့ဘဝတူ ကိုယ့်ပြည်သူချင်းတတ်အားသရွေ့လေး ဖေးကူကြည့်ရှုပေးကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်လေမလဲလို့ တွေးတောတောင့်တမိသွားတာပါ။

ဟုတ်ပါတယ်။ ဒီအချိန်မှာ သူသူ၊ငါငါ လူတိုင်းကတော့ မူလအခြေအနေတွေ ပျက်ယွင်းပြီး အဆင်မပြေဖြစ်နေကြမယ်ဆိုတာလည်း တကယ့်အမှန်တရားပါ။ ဒါပေမဲ့ ကိုယ့်ထက်ဆိုးတဲ့ဘဝတွေနဲ့ယှဉ်လို့ ကိုယ့်ဒုက္ခဟာ အများကြီးတော်နေသေးတယ်ဆိုရင်(မြင့်သူက နိမ့်သူကို၊ တတ်နိုင်သူက မတတ်နိုင်သူကို၊ အားကြီးသူက အားနည်းသူကို) လူသားချင်းစာနာထောက်ထားစိတ်ကလေးထားရှိပေးကြဖို့ကိုသာ ကျွန်တော်ဆိုလိုချင်ခြင်းဖြစ်ပါတယ်။ တကယ်ဆို သာမန်အချိန်မှာပိုနေလို့ ပေးဝေလှူဒါန်းလိုက်တာထက် လူတစ်ဖက်သား အတိဒုက္ခရောက်နေစဉ်မှာ နည်းနည်း ၊များများ သနားကရုဏာထားပြီး ပေးလှူလိုက်တဲ့အကူအညီမျိုးက လိုအပ်နေသူအတွက်ရော၊ ကူလှူသူကိုယ့်အဖို့ပါ ပိုမိုအဖိုးတန်အကျိုးများတတ်တာဟာလည်း အားလုံးဆင်ခြင်ကြည့်စရာဖြစ်နေလို့ပါ။

ပြီးခဲ့တဲ့ COVID 19 ပထမလှိုင်းတုန်းက နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ နိုင်ငံတစ်ဝန်းက လက်လုပ်လက်စားအိမ်ထောင်စုတွေကို ဆန်၊ဆီ ရိက္ခာအထောက်အပံ့တွေကို ပေးဝေခဲ့သလိုပဲ စာပေလောကသားတွေအတွက်ကိုတော့ ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကကိုယ်တော်က ကာလဒါနအလှူအဖြစ် ငွေကြေးတချို့ အပါအဝင်စားသောက်ကုန်တွေကို ထောက်ပံ့လှူဒါန်းခဲ့တာ တချို့တွေကြားမိကြပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ထပ်ဆင့်ကြည်နူးပီတိဖြစ်ခဲ့ရတာက အဲဒီလိုအလှူပစ္စည်းလက်ခံရရှိကြသူအတော်များများဟာ ကိုယ်တစ်ယောက်တည်းကြိတ်မစားဘဲ အဆင်မပြေတဲ့မိတ်ဆွေရောင်းရင်းတွေကိုပါ ပြန်မျှဝေခွဲလှူလို့တစ်မျိုး၊ တချို့ဆို ကိုယ့်ထက်ချို့တဲ့သူတွေရကြပါစေဆိုတဲ့ငဲ့ညှာစိတ်နဲ့ လုံးလုံးတောင်မယူဘဲ ငြင်းပယ်ခဲ့ကြလို့ပါ။

ထို့အတူပါပဲ စာရေးသူတို့ တိုင်းရင်းသူ၊ တိုင်းရင်းသား မြန်မာလူမျိုးတိုင်းဟာ အလှူအတန်းနဲ့ပတ်သက်လာရင် အစဉ်အဆက်ကတည်းက ထက်သန်ရက်ရောတတ်ကြစမြဲလို့ ကမ္ဘာမှာပင် ကျော်ကြားခဲ့တဲ့အတိုင်း အခုကပ်ဘေးကြီးဖြစ်လာတော့လည်း နယ်ပယ်အသီးသီးနဲ့ ဝန်းကျင်တိုင်းလိုလိုမှာပါ လုပ်အားဒါန၊ ငွေကြေးဒါန၊ အာဟာရဒါနနဲ့ စတဲ့ ဒါနတွေသာမက သေရမှာကိုတောင် မငဲ့နိုင်တဲ့ သက်စွန့်ဒါနမျိုးတွေပါ ပေးလှူကြသူမရှား ရှိနေတာတွေကို ကြားသိရတော့ ကြက်သီးမွေးညင်းထမိသလို ဝမ်းသာဂုဏ်ယူမဆုံးလည်း ဖြစ်မိတယ်။

သို့ဖြစ်တဲ့တိုင် လတ်တလောရင်ဆိုင်နေရတဲ့ COVID 19 ကပ်ဘေးကြီးဟာ ဘယ်အချိန်မှာပြီးဆုံးလို့ ဘာတွေဘယ်လိုဆက်ဖြစ်ဦးမယ်မှန်း ဘယ်သူမှလည်း တတ်အပ်သေချာမတွက်ဆနိုင်သေးတာမို့ အစိုးရတာဝန်ရှိဌာနတွေက ကာကွယ်ကုသရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြသလိုပဲ ကျွန်တော်တို့နိုင်ငံသားပြည်သူတွေကလည်း သတ်မှတ်ညွှန်ကြားချက်တွေကို လိုက်နာစောင့်ထိန်းကြရင်း တတ်နိုင်ရာဘက်က ပူးပေါင်းကူညီကြဖို့ လိုအပ်နေမှာပါ။ အထူးအားဖြင့် နိုင်ငံတော်အကြီးအကဲတွေ ကိုယ်တိုင်မေတ္တာရပ်ခံဖိတ်ခေါ်ထားပုံအရဆို ခြေကုန်လက်ပမ်းကျလာမယ့် ရှေ့တန်းတိုက်စစ်မှုးတွေအတွက် စိတ်ပူမိသလို အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဝနဲ့ မနက်စာ၊ ညစာမရေမရာဖြစ်နေကြမယ့် အခြေခံလူတန်းစားပြည်သူတွေအတွက်ဆိုရင်လည်း ရတက်မအေးစရာ အတော်ကောင်းနေတယ်လို့ပြောရပါမယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ပြည်သူ ၇ သန်းကျော်အတွက် အစိုးရက ရာရှင်စနစ်နဲ့ ရိက္ခာဖြန့်ဝေပေးဖို့ စီစဉ်နေတယ်လို့တော့သိရပေမယ့် ဒါကလည်း အခုမှစာရင်းကောက်တုန်းဆိုတာမို့ တကယ်ငတ်ပြတ်လို့ တကယ်လိုအပ်နေသူတွေ အသက်ဆက်နိုင်ရေးအတွက်ဆိုရင် အနီးဆုံးက ပြည်သူအချင်းချင်းရဲ့ ဖေးမကူညီမှုတွေဟာ အဓိကနေရာက အရေးပါနေလိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။ ။

ရေးသူ- အာဝါသ