မျက်မှောက် ကိုဗစ်ကာလနှင့် စားသုံးသင့်သည့် အာဟာရ

ပစ္စုပ္ဗန်ကာလဝယ်ကိုဗစ်(၁၉)ဖြစ်ပွားမှု ဒုတိယလှိုင်း၏ မြင့်တက်မှုအရှိန်က တည်ငြိမ်မှုမရှိ။ တက်ပြီးရင်း တက်လိုက်နှင့်သာ အထက်သို့ မိုးမျှော်၍ ထိုးနေသည်။ အကျဘက်ကို မည်သည့်ကာလတွင် ကျဆင်းမည်ဟု ကံသေကံမယူဆ၍ မဖြစ်သေးပေ။ အလုံးစုံကိုစောင့်ကြည့်သည့် အနေအထားမျိုး ဖြစ်နေသည်။ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းများမှအပ အသွားအလာနှင့် ပုံမှန်လုပ်ရမည့် လုပ်ငန်းများကို ဖြစ်နိင်လျှင် အောက်တိုဘာ ၇ရက်နေ့အထိ ရပ်ဆိုင်းထားကြရန်နှင့် ဟုမ်းစတေးနေကြရန် အစိုးရက သတ်မှတ်ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ကို ကြိုတင်ကာကွယ်နိင်သည့် နည်းလမ်းများကို ထုတ်ပြန်ထားသည်။ ကျန်းမာရေးနယ်ပယ်များမှ တတ်သိဆေးပညာရှင်များကလည်း ၎င်းတို့လေ့လာတွေ့ရှိချက်များကို ပြည်သူများထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။ ယင်းအချက်များကား-

၁။ အိမ်ထဲမှာပဲနေပါ။ အပြင်မထွက်ပါနှင့်။
၂။ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ပါ။ မျက်နှာအကာတပ်ပါ။
၃။ ဆားရည်ဖြင့် မကြာခဏအာလုတ်ကျင်းပါ။
၎။ လက်ကို ခဏခဏဆေးပါ။ တစ်ခုခုကိုကိုင်ပြီးတိုင်းလက်ဆေးပါ။ အစာမစားမီနှင့် စားပြီးတိုင်းလက်ဆေးပါ။ သန့်စင်ခန်းမှ ထွက်ပြီးတိုင်းလက်ဆေးပါ။ အပြင်ကပြန်လာပြီးတိုင်း လက်ဆေးပါ။
၅။ ရေများများသောက်ပါ။ ဖြစ်နိုင်လျှင် ရေနွေးကြမ်းသောက်ပါ။
၆။ အဟာရပြည့်ဝသောအစားအစာများစားပါ။
၇။ အိပ်ရေးဝဝအိပ်ပါ။
၈။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပါ စသည့်အချက်များဖြစ်သည်။

ထိုအချက်များကို ပြည်သူအများကပြည့်ပြည့်ဝဝလိုက်နာနိုင်မည် ဖြစ်သော်လည်း အခြေခံလူတန်းစားများအတွက်မူ အိမ်ထဲမှာပဲနေပါ ဆိုသည့်အချက်နှင့် အာဟာရပြည့်ဝသော အစားအစာများစားပါ ဆိုသောအချက်သည် ခက်ခဲနေပေလိမ့်မည်။

တစ်နေ့လုပ်မှ တစ်နေ့စားရသော အောက်ခြေလူတန်းစားများအဖို့ အိမ်အပြင်ထွက်မှ တစ်နေ့စာဝင်ငွေရသည်။ သူတို့ရသောဝင်ငွေသည် မိသားစုထမင်းနပ်မှန်ဖို့သာဖြစ်သည်။ အာဟာရ ဖြစ်မဖြစ်ကိုတော့ သတိမထားမိပေ။ သို့ရာတွင် ဝင်ငွေနည်းသဖြင့် အာဟာရရှိသောအစားအစာကိုမစားနိုင်ဟု မယူဆသင့်ပေ။ ခြိုးခြံ၍ သက်သတ်လွတ်စားခြင်းဖြင့်လည်း လိုအပ်သောအဟာရများရနိုင်သည်ကိုတော့ သိထားသင့်သည်။

ထိုအချက်နှင့် ပတ်သက်ပြီး ကိုဗစ်ကို ကြိုတင်ကာကွယ်သည့် သဘောဖြင့် ဟင်းလျာများ ချက်ပြုတ်လှူဒါန်းသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။

အိမ်ခြေ ၄၀ဝခန့် အတွက် သက်သတ်လွတ် ဟင်းနှစ်မျိုးကို ဟိန္ဒူဘာသာဝင်များက အခမဲ့ ပေးဝေဆိုသည့် သတင်းပဲ ဖြစ်သည်။ မန္တလေးမြို့က ဟိန္ဒူဘာသာဝင် မိသားစုများ စုပေါင်းကာ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်က အိမ်ခြေ ၄၀ဝခန့်ကို မေလ ၅ရက်နေ့ နံနက်ပိုင်းက သက်သတ်လွတ် ဟင်းနှစ်မျိုးအခမဲ့ ပေးဝေခဲ့သည်။ ယင်းဟင်းနှစ်မျိုးမှာပဲ ကုလားဟင်းနှင့် အသီးအနှံမျိုးစုံချက်ထားသည့် ဘာဂျီကြော်တို့ဖြစ်သည်။ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်မှာ ယခုအချိန်မှစပြီး လာမည့် တစ်နှစ် ၂ နှစ်အတွင်း မိသားစုတိုင်းကို သက်သတ်လွတ် စားစေချင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဖြစ်သည်ဟုဆိုသည်။

ပြည်တွင်းမှ ထွက်သော ဟင်းသီး၊ ဟင်းရွက်များဖြင့် ချက်သည့် သက်သတ်လွတ်ဟင်းများကိုစားခြင်းဖြင့် ကိုဗစ်နှင့် အခြားရောဂါများ ဖြစ်ပွားခြင်းကို တစ်ဘက်တစ်လမ်းက ကာကွယ်ရာရောက်နိုင်သည်။ သက်သတ်လွတ် ဟင်းများကလည်း အရသာကောင်းများကို ပေးစွမ်းနိုင်သည်။ အသားစားမှ အာဟာရ ဖြစ်သည်မဟုတ်။ သက်သတ်လွတ်စားခြင်းဖြင့် အသက် ၁၀၀ ကျော်သည်အထိ အသက်ရှည်နေနိုင်သူများရှိသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံက လူဦးရေအများဆုံးဖြစ်သည့် ဟိန္ဒူဘာသာဝင်များသည် သက်သတ်လွတ် စားကြသည်။ မြန်မာပြည်တွင် နေထိုင်ကြသည့် ကျွန်တော့်မိတ်ဆွေ ဟိန္ဒူဘာသာဝင်များလည်း သက်သတ်လွတ် စားကြသည်ကိုတွေ့ဖူးပါသည်။

ကျွန်တော်တို့နိုင်ငံမှ သူတော်စင်ကြီးများလည်း သက်သတ်လွတ်စားပြီး အသက်ရှည်ကြသည်ကို ကြားဖူးတွေ့ဖူးသည်။ သိမိသလောက် ပြောရမည်ဆိုလျှင် မန္တလေးတိုင်း မလှိုင်မြို့နယ်က ရွှေပေါ်ကျွန်းဆရာတော်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်က တန့်ကြည်တောင် ဆရာတော်၊ ရှမ်းပြည်နယ် ပင်းတယမြို့နယ်က ကုံလုံဆရာတော်၊ မွန်ပြည်နယ်က သာမညဆရာတော်နှင့် အခြားသော ဆရာတော်ကြီးများလည်း သက်သတ်လွတ်စားပြီး အသက်ရှည်ကာ သာသနာ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ကျွန်တော်ကတော့ ကိုဗစ်ကာလဖြစ်နေချိန်တွင် အသီးနှင့်အရွက်များကိုသာ အများဆုံးအားထားကာစားဖြစ်နေသည်။ အကြောင်းမှာ အိမ်အပြင် မထွက်ရသဖြင့် ဈေးသွားရန် ခက်ခဲသည်ကတစ်ကြောင်း၊ အလုပ်အကိုင် နားထားရသဖြင့် ဝင်ငွေမရှိသောကြောင့် ချွေတာရသည်ကတစ်ကြောင်း။ ထိုထိုသောအကြောင်းများကြောင့် သက်သတ်လွတ် စားနေမိသည်။

ယခုဖော်ပြပါ စာစုကိုဖတ်ပြီး အခြေခံလူတန်းစားများအနေဖြင့် စိတ်ရော၊ ကိုယ်ပါ အားတက်လာလိမ့်မည်ဟု မျော်လင့်မိသည်။ အာဟာရဖြစ်စေသော သက်သတ်လွတ် ဟင်းလျာများသည် ကိုဗစ်ကိုသာမက အခြားသောရောဂါများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်သည့်အပြင် အသက်ကိုလည်း ရှည်စေနိုင်ဟု ယူစရာလည်း ဖြစ်လာနိုင်ပါသည်။

ဆိုရပါမူ….. ကျွန်တော်သည် မျက်မှောက်ဖြစ်သော ကိုဗစ်ကာလတွင်လည်း သက်သတ်လွတ် ဟင်းလျာများကို အတတ်နိုင်ဆုံး ဆက်လက် စားသုံးမည်ဟု ခိုင်ခိုင်မာမာ သန္နိဌာန် ချထားလိုက်ပါတော့သည်။ စာဖတ်ရှုသူတို့ရော ကိုဗစ်ကာလတွင် မည်သို့သောအစားအသောက်များကို စားသုံးကြမည်နည်းဟုမေးလိုပါသည်။

ရေးသူ- ကိုသောင်း(ပညာရေး)