အနံ့မရသည့်လူနာများထားရှိရန် Isolation Center များ မြို့နယ်အလိုက်ဖွင့်လှစ်မည်

အနံ့မရသည့် COVID-19 သံသယလူနာများအားထားရှိမည့် Isolation Center များကို မြို့နယ်အလိုက်ဖွင့်လှစ်နိုင်ရေးအတွက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် Fever Clinic တာဝန်ခံများတွေ့ဆုံညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းကပြောသည်။

“မြို့နယ်တွေမှာ လက်ရှိပြဿနာက အနံ့ပျောက်လူနာတွေ တအားများနေတယ်။ Fever Clinic တွေမှာလည်း အနံ့ပျောက်တဲ့သူတွေများတော့ ဘယ်မှာထားရမလဲဆိုတာ အခက်အခဲရှိတယ်။ ဆေးရုံတွေကိုလွှဲပေးဖို့ကလည်း ခုတင်မလွတ်တဲ့အခက်အခဲရှိတယ်။ နောက်ဆုံးလူနာကို အိမ်ပဲပြန်ခိုင်းရတာပေါ့။ ဆောင်ရန်၊ ရှောင်ရန်လေးတွေတော့ ပြောလိုက်တယ်။ ဆေးရုံနေရာလွတ်ရင်တော့ လွှဲပြီး Swab ယူခိုင်းတယ်။ ဒါကြောင့် ဦးနိုင်ငံလင်းနဲ့ ဆုံတဲ့အခါမှာ Isolation Center တွေထားဖို့လိုအပ်တဲ့အကြောင်း တင်ပြလိုက်တာ” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မင်္ဂလာတောင်ညွန့်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်နှင့် အခြားမြို့နယ်အများစုတွင် အနံ့မရသည့်လူနာများအား သီးသန့်ထားရှိသည့် Isolation Center များဖွင့်လှစ်ထားပြီးဖြစ်သည်။

“တာမွေမှာဆိုရင် Isolation Center က နှစ်ဆယ်လောက်ပဲဆန့်တယ်။ နေရာကြီးကြီးနဲ့ လူများများဆန့်တာမျိုးလိုတာ။ အခုက ၃၀ ပြည့်သွားပြီ၊ အဲဒီလူနာတွေကို Swab မယူရသေးဘူး။ ဆေးရုံတွေက နေရာလွတ်တယ်၊ Swab ယူလို့ရမဲ့နေရာအတိုင်းအတာဆိုရင် လူနာကိုဆေးရုံလွှဲပြီး Swab ယူမယ်ပေါ့။ နေရာမရှိရင်တော့ အနံ့ပျောက်တဲ့လူနာကိုစင်တာမှာ ရက်ပြည့်တဲ့အထိထားမယ်။ ၁၁ ရက်နဲ့သက်သာရင် ၁၁ ရက်နဲ့လွှတ်မယ်။ ရောဂါလက္ခဏာမသက်သာရင် ၁၄ ရက်ထားမယ်။ ပုံမှန်ဆို swab ၂ ရက်နေပြီး ပြန်လိုက်လို့ရတယ်။ အခုက Swab မယူနိုင်တဲ့အတွက် ရက်ရှည်ရှည်ထားတဲ့ပုံစံဖြစ်သွားတာပေါ့” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့အပြင် Fever Clinic များကို ဒေါပုံနှင့်အလုံမြို့နယ်များတွင် စက်တင်ဘာ ၂၇ ရက်က တိုးချဲ့ဖွင့်လှစ်လိုက်ပြီး ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဗဟန်းမြို့နယ်များတွင်လည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – Community Fever Clinic

ပုံစာ – လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် Fever Clinic Network မှဆရာဝန်များ Isolation Center ဖွင့်လှစ်ရန် စက်တင်ဘာ ၂၇ ရက်ကတွေ့ဆုံဆွေးနွေးစဉ်