လားရှိုး-လောက်ကိုင်ပြေးဆွဲနေသော ယာဉ်များ လောက်ကိုင်သို့ ဝင်ခွင့် မရခြင်းကြောင့် လောက်ကိုင်မြို့တွင် အခြေခံ စားသောက်ကုန်များ ဈေးမြင့်တက်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-လောက်ကိုင်ပြေးဆွဲနေသော ယာဉ်များ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ ဝင်ခွင့် မရ တော့ခြင်း ကြောင့် လောက်ကိုင်မြို့တွင် အခြေခံ စားသောက်ကုန်များ ဈေးကြီးပေး ဝယ်ယူစားသောက်နေရကြောင်းဒေသခံများထံမှ သိရှိရသည်။

လားရှိုးမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ ပြေးဆွဲနေသော ကုန်တင်ယာဉ်ကြီးများနှင့် အခြားယာဉ်များကို စက်တင်ဘာ ၁၈ ရက်မှ စတင်၍ လောက်ကိုင်မြို့သို့ ဝင်ရောက်ခွင့် မရတော့ခြင်းကြောင့် တစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ပထမအနေနဲ့ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၂ ရက်ထိ ကုန်ကား တွေရော လူစီးကားတွေရော အကုန်ယာယီပိတ်ထားတယ်။ ပြီးတော့ စက်တင် ဘာ ၂၇ ရက်ထိ ထပ်ပြီး တိုးတယ်။ ဒီနေ့ ၂၈ ရက်မှာလည်း ဘာမှ ညွှန်ကြား ချက်မရလို့ ကားတွေမထွက်ရဘူးဖြစ်နေပါတယ်။ အခြေခံ စားသောက် ကုန် လောက်တော့ ဝင်ခွင့် ပေးပါလို့ ပြောချင်ပါတယ်။’’ဟု နယ်ပ်မန်ဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ခွင့်မရခြင်းကြောင့် လောက်ကိုင်မြို့တွင်းသို့ တရုတ်ပြည်ဘက်မှ ကုန် ပစ္စည်းများကို ဈေးနှုန်း ထက်ဝက်ခန့် ဈေးမြှင့်တင် ရောင်းချမှုများ ရှိနေ ကြောင်း သိရသည်။

“ဒီမှာက လားရှိုးဘက်က ကုန်ပစ္စည်းတွေ မဝင်ရတာ တစ်ပတ် လောက် ပဲ ရှိသေးတယ်။ ဘာပစ္စည်းမှ ဝယ်လို့ မရလောက်အောင်ဖြစ်နေပါပြီ။ တရုတ်က ဝင်တဲ့ ပစ္စည်းတွေက ကျွန်မတို့အတွက် စားလို့ အဆင်မပြေဘူး။ လူတွေ မလာ ရ လည်း ကုန်ပစ္စည်းတွေတော့ ဝင်ခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။’’ဟု လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသူ ဒေါ်ချစ်ပွင့်က ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အခြေခံ စား သောက်ကုန်ဖြစ်သော ဆီနှင့် ဆားမှ အစ ရောင်းရန်မရှိတော့ကြောင်းနှင့် တရုတ်ပြည်မှ ဝင်ရောက်သော ကုန်ပစ္စည်းများမှာလည်း တရုတ်လူမျိုးများ အတွက် ဝယ်ယူစားသောက်ရန် ငွေကြေးအဆင်ပြေသော်လည်း၊ မြန်မာ နိုင်ငံသား လက်လုပ်လက်စား အခြေခံ လူတန်းစားများ ဝယ်ယူရန် အခက် ခဲဖြစ်နေရကြောင်း၊ ကိုဗစ်ကူးစက်မြန်ရောဂါဖြစ်ပွားမှုအတွက် စိုးရိမ်သည် မှန်သော်လည်း အခြေခံ စားသောက်ကုန်ပစ္စည်းများအား ခွင့်ပြုပေးရန် ဒေသခံများအနေဖြင့် လိုလားနေကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ-နောင် (မြစ်မခ)