Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းအပြည့်အစုံကို ဖော်ပြပေးလိုက်ပါသည်။

ဒီနေ့မှာ ကျွန်မတို့နိုင်ငံရဲ့ ကိုဗစ်ရောဂါ အခြေအနေကို ပြည်သူလူထုကို တင်ပြဖို့ဖြစ်ပါတယ်။ အများကတော့ သိပြီးသားဖြစ်မှာပါ။ အခုဆိုရင် ရောဂါပိုးကူးစက်နေတဲ့၊ ကူးစက်ခဲ့တဲ့၊ အခုလက်ရှိရော ကူးစက်နေဆဲ အားလုံးပေါင်းလိုက်ရင် တစ်သောင်းကျော်သွားပါပြီ။ နောက်ပြီးတော့ သေပျောက်မှုနှုန်းကလည်း (၂၀၀)ကျော်သွားပါပြီ။ အဲဒီအခါကျတော့ ကျွန်မတို့ ပြည်သူတွေတချို့မှာ စိုးရိမ်ကြောင့်ကြမှုတွေ ရှိမယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒီဟာကို စိုးရိမ်ကြောင့်ကြစရာလို့ မမြင်ဘဲနဲ့ အလေးအနက်ထားစရာလို့ မြင်စေချင်ပါတယ်။ အလေးအနက်ထားစရာ၊ သတိထားစရာလို့ မြင်စေချင်ပါတယ်။

နောက်ပြီးတော့ အထူးသဖြင့် အခုရောဂါပိုးတွေ့ရှိနေပြီဆိုပြီး သိရတဲ့ ကျွန်မတို့ ပြည်သူတွေကို အားပေးစကား ပြောချင်ပါတယ်။ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုဗစ်ရောဂါရဲ့ ပြဿနာကဘာလဲဆိုတော့ ရောဂါရှိပြီဆိုရင် တခြားရောဂါတွေဖြစ်တဲ့ အခါမှာလို ဘေးကနေပြီးတော့ မိသားစုတွေ၊ မိတ်ဆွေတွေက ဝန်းရံပေးလို့မရပါဘူး။ သတ်သတ်စီနေရတယ်။ နေရတဲ့အခါကျတော့ တစ်ယောက်တည်း နေရလို့ဆိုပြီး‌တော့ စိတ်ဓာတ်ကျတာတို့၊ စိတ်အားငယ်တာတို့ ဖြစ်တယ်ဆိုတာလည်း ဒါလည်းသဘာဝကျပါတယ်။ အဲဒီတော့ ကျွန်မပြောချင်တာက ကျွန်မတို့ရဲ့ နိုင်ငံတော်အနေနဲ့ကတော့ ရောဂါဖြစ် နေတဲ့ ပြည်သူအားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်ဖိုးထားပါတယ်။ ကျွန်မတို့ ဘယ်တော့မှ ဘယ်သူဖြစ်တာလဲလို့ မမေးပါဘူး။ ဘယ်နှစ်ယောက်ဖြစ်တာပဲ ကြည့်ပါတယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်းတူပဲတန်ဖိုးထားပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူ၊ ဩဇာအာဏာရှိတဲ့သူဆိုပြီး ခွဲပြီးတော့ သူ့ဆိုရင် ပိုပြီးတော့ အလေးထားတယ် ဆိုတာလုံးဝ မရှိပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေဟာ အဲဒီအင်အားနဲ့ ဒီရောဂါကို ပြန်ပြီးတွန်းလှန်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ကျပြီဆိုရင် ကိုယ်ခံအားက ကျတတ်ပါတယ်။ ကိုယ်ခံအားမကျဖို့က အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံတော် တင်မကဘူး။ ကျွန်မတို့ ပြည်သူတွေ အများစုကလည်း ဒီလိုပဲ ရောဂါဖြစ်တဲ့သူတွေအပေါ်မှာ မေတ္တာနဲ့ ရှုနေမယ်။ ဂရုဏာနဲ့ရှုနေမယ်။ အမြန်ဆုံးပြန်ပြီးတော့ သက်သာစေချင်တဲ့စိတ်တွေ ရှိနေမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီရောဂါပိုးရပြီဆိုတာ တွေ့တယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ အတတ်နိုင်ဆုံးကျွန်မတို့ လုပ်ပေးပါမယ်။ နောက်ပြီးတော့လည်း ပြည်သူပြည်သား တွေကလည်း ဝိုင်းပြီးတော့ မေတ္တာပို့ကြမယ်၊ ဆုတောင်းပေးကြမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

ဒီတော့ ဒီရောဂါပိုးတွေ့ရှိတာနဲ့ပတ်သက်လို့ သောကြာနေ့တုန်းက ကျွန်မပြောပါတယ်။ တောင်ကိုရီးယားကနေပြီးတော့ ဒီရောဂါပိုး ရှိ မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန် ကန်စစ်ဆေးနိုင်တဲ့ Antigen test kit တွေရဖို့ရှိတယ်လို့ ကျွန်မပြောခဲ့ပါတယ်။ ဒါရက်ပိုင်း အတွင်း ရောက်မယ်ဆိုတာ ကျွန်မပြောတဲ့အတိုင်းပဲ ခုရက်ပိုင်းအတွင်း ရောက်ပါပြီ။ မနေ့ကဆိုရင် ကျွန်မတို့အစိုးရဝယ်တဲ့ (၂)သိန်း ထဲမှာဆိုရင် ‌(၆)သောင်း ရောက်ပါတယ်။ ဒီနေ့ဆိုရင် နောက် (၁)သိန်း (၄)သောင်း ရောက်ဖို့ ရှိတဲ့အခါကျတော့ ဒီ(၂)သိန်းစလုံးဟာ ဒီနေ့ပြည့်မှာ ဖြစ်ပါတယ်။ မနက်ဖြန်ကစပြီးတော့ မြို့နယ်၊ ခရိုင် ဆေးရုံတွေမှာ စပြီးတော့ စမ်းသပ်တဲ့ test kit ကို သုံးမှာဖြစ်ပါတယ်။ နောက် မနက်ဖြန်မှာလည်း တောင်ကိုရီးယားအစိုးရကနေပြီးတော့ လှူဒါန်းတဲ့ test kit တွေထဲက (၅)ထောင်ရောက်ဖို့ရှိပါတယ်။ အဲဒီတော့ စပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ test kit တွေကို သုံးပြီဆိုရင် ရောဂါပိုးရှိတာတွေ ပိုပြီးတော့ တွေ့လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့ အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့ အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းကပိုပြီးတော့ ကောင်းလာမယ်။

အရင်လည်းကျွန်မတို့ ပြောခဲ့ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ အသေအပျောက် ရှိခဲ့တာဟာ ဘာနဲ့ဆက်စပ်နေလဲဆိုတော့ အခြေခံကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ အခြေခံကျန်းမာရေး အားမကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခြေခံရောဂါတွေ၊ အခြားရောဂါတွေရှိတာ၊ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကျွန်မတို့ရဲ့ ပြည်သူတွေမှာ ရှိတတ်ပါတယ်။ အဲဒါတွေ ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ပိုပြီးတော့ သတိထားရပါတယ်။ ပိုပြီးတော့ ကိုယ်ခံအားမကောင်းလို့ စိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရောဂါတွေရှိလို့လည်း စောစောက ကျွန်မပြောသလို စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်က အများကြီးဆောင်ပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ်နဲ့ တစ်တိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အင်အားမွေးပါ။ ကျွန်မတို့ တစ်တိုင်းပြည် လုံးအတွက် ကိုယ်ကလည်း ရုန်းကန်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီရောဂါကို ကျော်လွှားနိုင်အောင်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအကြောင်း ပြောရင်းနဲ့ တစ်ခါတည်းကျွန်မ ပြောရမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေထဲမှာလည်း ရောဂါပိုးကူးစက်တာ တွေရှိတယ်။ အသေအပျောက်လည်းရှိပါတယ်။ ဒါဟာလည်း ကျွန်မတို့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အလုပ်သဘော သဘာဝအရ ရှောင်ရခက်တဲ့ကိစ္စပါ။ ကျွန်မတို့ ဒီလိုရှောင်ရခက်တဲ့ ကိစ္စမှန်းသိရက်သားနဲ့ စေတနာ၊ မေတ္တာနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေ၊ Quarantine ဘက်မှာ ကူညီတဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးကိုလည်း ပြည်သူပြည်သားများကိုယ်စား ကျေးဇူးတင်ပါတယ်ဆိုတာ ကျွန်မထပ် လောင်းပြီးတော့ ပြောချင်ပါတယ်။

အဲဒီတော့ ကျွန်မတို့ပြည်သူတွေဟာ အခုဆိုရင် အထူးသဖြင့်ပေါ့။ ရောဂါပြန့်ပွားမှုက များပြားပြီးတော့ ဆိုးဝါးနေတာကတော့ ရန်ကုန်တိုင်းဒေသကြီးပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ တော်တော်ဆင်ဆင်ခြင်ခြင်ဖြစ်လာပြီလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း ဆက်ပြီးတော့ ဆင်ခြင်ဖို့လိုပါတယ်။ အခုဟာက အခုစပြီးဆင်ခြင်လို့ မနက်ဖြန် ချက်ချင်း အားလုံးဟာ ပျောက်မှာမဟုတ်ပါဘူး။ ကူးပြီးသား ရောဂါပိုးတွေကတော့ ရှိနေမှာပဲ။ ဆက်ပြီးတော့ မပြန့်ပွားအောင် ကျွန်မတို့က ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။ ဆက်ပြီးတော့ မပြန့်ပွား အောင်လို့ဆိုတော့ အဲဒီလိုပြန့်ပွားစေတဲ့ နေရာတွေကို ကျွန်မတို့ အထူးဂရုပြုပြီးတော့ လုပ်ဆောင်နေပါတယ်။ ဥပမာဆိုရင် ဈေးတွေပေါ့။ ဈေးတွေမှာ အစကတည်းကတော့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒီစည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာမှုတွေကတော့ နည်းပါတယ်။

ဒါကြောင့်လည်း အဲ့ဒီဘက်ကနေ ပြန့်ပွားတာတွေရှိပါတယ်။ အခုကျတော့ ပိုပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာလာ တာတွေကလည်း ပြည်သူတွေဘက်က ရှိတယ်ပေါ့နော်။ အစိုးရဘက်ကလည်း ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ထိန်းသိမ်းဖို့ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီလိုပြန့်ပွားမှုကတော့ လုံးဝတော့ကျသွားနိုင်မယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားရဲ့သားနဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ နေတာဟာ အဲဒါသတ္တိမဟုတ်ဘူး၊ အဲဒါတော့ ကျွန်မသတိထားစေချင်တယ်။ မကြောက်ပါဘူး။ ဖြစ်မှာမကြောက်ပါဘူး ဆိုပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာဟာ သတ္တိမဟုတ်ဘူး။ အဲဒါပြောရင်းနဲ့ ဖေဖေပြော တဲ့စကားလေး တစ်ခုကို သွားပြီးသတိရပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး၊ ခံရဲတာက သတ္တိပဲ။ အဲဒါကြောင့် အခု ဒီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရဲတယ်ဆိုတာ သတ္တိမဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေကိုခံရဲတယ်၊ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဝန်ကိုခံပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုတာ အဲဒါကတကယ့် သတ္တိပဲ။ ဒီလိုလုပ်ရဲတဲ့ သတ္တိထဲမှာတော့ ကျွန်မတို့ဝန်ထမ်းတွေ ပါတာပေါ့။ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ သတ္တိနဲ့လုပ်ရတယ်။ အများအတွက် လုပ်ရတယ်။ ဒီလိုလုပ် ရဲတဲ့သတ္တိကတော့ ခံရဲတဲ့ သတ္တိနည်းတူ တန်ဖိုးရှိပါတယ်။

ကျွန်မတို့ အခု ပြည်သူတွေ ကျန်းမာရေးအတွက် ဂရုစိုက်တဲ့နေရာမှာဘယ်သူ့ကိုမှ မချန်လှပ်ထားပါဘူး။ စောစောက ပြောသလိုပေါ့နော်၊ အယုတ်အလတ်အမြတ် မခွဲခြားပါဘူး။ ဥပမာအားဖြင့်ဆိုရင် အကျဉ်းကျနေတဲ့ ကျွန်မတို့ပြည်သူတွေ၊ အချုပ်ခံနေရတဲ့ ကျွန်မတို့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်း ကျွန်မတို့ အများကြီးစဉ်းစားပါတယ်။ အကျဉ်းထောင်ထဲမှာလည်း ရောဂါမပြန့်ပွားအောင်၊ အချုပ်ခန်းတွေထဲမှာ ရောဂါမပြန့်ပွားအောင်လို့ တစ်ချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့ ဦးထိပ်ထားပြီးတော့ တရားစီရင်မှုတွေကို လုပ်ထုံးလုပ်နည်းအရ ဆက်လက်ပြီးတော့ ဖြစ်သွားအောင်လို့လည်း ကျွန်မတို့စီစဉ် ရပါတယ်။ ဒါကြောင့် ရမန်ပေးတဲ့ နေရာမှာ၊ စီရင်ချက်ချတဲ့နေရာမှာ ဘယ်လိုအကောင်းဆုံး လုပ်မလဲ၊ တရားဥပဒေနဲ့လည်း ကိုက်ညီအောင် နောက်ပြီးတော့ ကျွန်မတို့ရဲ့ ပြည်သူတွေ အကျဉ်းကျနေတဲ့၊ အချုပ်ခံနေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်နိုင်အောင် ဆိုပြီးတော့ အဖက်ဖက်ကနေ ကျွန်မတို့ ကြည့်ပြီးတော့ ကြိုးစားပါတယ်။ ဒါကြောင့်မို့ ဘယ်သူမှ အားငယ်စရာမလိုပါဘူး။ ငါကတော့ အရေးမပါဘူး။ ငါက အကျဉ်းကျနေတဲ့သူ၊ အချုပ်ကျနေတဲ့ သူလို့ စဉ်းစားစရာ မလိုပါဘူး။ အားလုံးကို တန်းတူညီတူ ဂရုစိုက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါမယ်။ ပြည်သူတွေကတော့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်မှ လိုအပ်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပဲဖြစ်ပါတယ်။

နောက်ပြီးတော့ ကျွန်မတို့အရင် သောကြာနေ့တုန်းက ပြောတယ်။ အစီအစဉ်တစ်ခု လုပ်ပါမယ်။ အဲဒါကတော့ ကျွန်မတို့ ပြည်သူတွေက ဟိုကြားဒီကြားနဲ့ ကြားတာကို ယုံပြီးတော့ ဟိုဆေးမြီးတိုလေးနဲ့ ကုကြည့်၊ ဒီဆေးမြီးတိုလေးတွေနဲ့ ကုကြည့် လုပ်မှာစိုးလို့ ကျွန်မတို့ သမားတော်ကြီးများကို မေးခွန်းမေးနိုင်တဲ့ အစီအစဉ်မျိုးလုပ်မယ်လို့ ကျွန်မပြောခဲ့ပါတယ်။ ဒီအစီအစဉ်ကလည်း မနက်ဖြန်ဆို စတင်ပါတော့မယ်။ ဒီအစီအစဉ်မှာ သိချင်တဲ့ကိစ္စတွေ မေးဖို့ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ Facebook မှာ မေးဖို့ဆိုတာလည်း ကျွန်မပြောပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ အခုထိဆိုရင် ရောက်လာတဲ့မေးခွန်းတွေဟာ ၃၀၀ လောက်ရှိပြီလို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီ၃၀၀ ထဲမှာ တချို့ မေးခွန်းတွေဟာ ထပ်တာပေါ့နော်။ ပြည်သူများ တချို့တွေ သိချင်တဲ့ဟာတွေက အကြောင်းအရာ တစ်ခုတည်း ဆိုတဲ့အခါကျရင်တော့ အားလုံး တစ်ခုချင်းမဖြေဘဲနဲ့ ခြုံငုံပြီးတော့ ဖြေမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်မနားလည်သလောက်ကတော့ ရောက်လာတဲ့ မေးခွန်းတွေအားလုံး ဟာအခုထိဆိုရင် ၃၀၀ လောက်ရှိနေပြီ။ ဒါပေမယ့် တူညီတဲ့ မေးခွန်းတွေ ဖယ်လိုက်မယ်ဆိုရင်တော့ ၅၀ နဲ့ ၁၀၀ ကြားရှိတာပေါ့နော်။ ၅၀ နဲ့ ၁၀၀ ကြားဆိုတော့လည်း အားလုံးကို တစ်ထိုင်တည်းတော့ ကျွန်မတို့ရဲ့ ကျန်းမာရေး သမားတော်ကြီးတွေက ဖြေနိုင်မှာ မဟုတ်ပါဘူး။ မနက်ဖြန်ကနေစပြီး အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တိုင်းနေ့တိုင်းပေါ့။ အခုကျွန်မတို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားတာကတော့ ညနေ ၇ နာရီနဲ့ ၇ နာရီခွဲအချိန် အဲဒီအချိန်ဟာ ပြည်သူတွေအတွက် အဆင်ပြေမယ်ထင်လို့ ကျွန်မတို့ရွေးထားတာ ဖြစ်ပါတယ်။

အဲဒီအချိန်အတွင်းမှာ ကျန်းမာရေးကျွမ်းကျင်အဖွဲ့ကနေပြီးတော့ ဒီမေးခွန်းတွေဖြေပါ့မယ်။ ဖြေတဲ့အထဲမှာလည်း အရေးအကြီးဆုံးဟာတွေကိုတော့ ကောက်နုတ်ပြီးတော့ ဖြေပါ့မယ်။ နောက်ပြီးတော့လည်း အခြားပြည်သူတွေသိချင်တာတွေကို တစ်နေ့ချင်း တစ်နေ့ချင်း ဖြေသွားမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း နားထောင်စေချင်ပါတယ်။ ဒီအစီအစဉ်ကို နားထောင်ပါ။ စိတ်ထဲမှာ သိပ်ပြီးတော့ မရှင်းတာရှိရင်လည်း ထပ်ပြီးတော့ မေးလို့ရပါတယ်။ ဒါပေမယ့် မေးတဲ့အခါမှာ တိုတိုနဲ့လိုရင်း မေးစေချင်ပါတယ်။ ကျွန်မသတိပြုမိပါတယ်။ တစ်ခါတစ်လေ ပြည်သူတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါကျရင် မေးခွန်းမေးတာက မေးခွန်းနဲ့ မတူဘဲနဲ့ တစ်ခါတည်း ဆောင်းပါး တစ်ပုဒ်လိုပဲ အင်မတန်မှ ရှည်လှပါတယ်။ အဲဒါဆိုရင် ဖတ်ရတဲ့လူကလည်း အချိန်ပေးရတယ်။ တစ်ခါတစ်လေလည်း အဓိကဘာကို ဆိုလိုတာလဲဆိုတာ မရှင်းမလင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် တိုတိုနဲ့လိုရင်းကိုသာ မေးစေချင်ပါတယ်။ အဲဒါမှလည်း ကျွန်မတို့ ကျွမ်းကျင်ပညာရှင်ကြီးတွေက မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ဖြေနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးပေါ့။ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတယ်ဆိုတာဟာ ပြည်သူတွေကိုချုပ်ချယ်ချင်လို့ မဟုတ်ပါဘူး။ ရောဂါကို ချုပ်ချယ်ချင်လို့ပါ။ ရောဂါပြန့်ပွားမှုကို ချုပ်ချယ်ချင်လို့ ထုတ်ထားတာပါ။ ဒါပေမယ့် တချို့ကတော့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်တယ်လို့ ထင်ကြပါတယ်။ လုံးဝလွတ်လပ်စွာ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်သူ့မှာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နေရတာက လူ့အသိုင်း အဝိုင်းထဲမှာနေရတာ၊ တစ်ယောက်တည်း နေတာမဟုတ်ပါဘူး။ တစ်ယောက်ထဲပဲ သဲကန္တာရကြီးရဲ့ အလယ်မှာ နေတယ်ဆိုရင်တော့ ကိုယ်လုပ်ချင်တာလုပ်နေလို့ရရင်လည်း ရမှာပေါ့။ ဒါပေမယ့် ဘာမှလည်းမရှိတော့ ဘာမှလည်း လုပ်စရာတော့ရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်မ ပြောချင်တာက ဒီလိုစည်းမျဉ်းစည်းကမ်းတွေ ထုတ်တာဟာ အများအကျိုးအတွက် ဖြစ်ပါတယ်။ အဲဒီတော့ အများအကျိုးကို ထိခိုက်တယ်ဆိုရင် ဥပဒေအရအရေးယူရပါမယ်။ ဒီလိုလည်းအရေးယူချင်လို့ မဟုတ်ဘူး။

ဒါပေမယ့် တချို့ကျတော့ အရေးယူမှပဲ ဒီဟာ ဘယ်လောက်အရေးကြီး တယ်ဆိုတာကို သဘောပေါက်လို့ပါ။ ဥပမာဆိုရင် ကာရာအိုကေ ကိစ္စပေါ့နော်။ ကာရာအိုကေဆိုတာ ကျွန်မ အရင်တစ်ခါပြောဖူးပါတယ်။ ဘာဖြစ်လို့ အန္တရာယ်ရှိသလဲဆိုတာ၊ အားလုံးစုပြီးတော့နေတဲ့ ပုံစံနဲ့ ကာရာအိုကေပွဲတွေကို ကျင်းပတာဖြစ်ပါတယ်။ တစ်နေရာတည်းမှာ စုကြတယ်။ လူစုလူဝေးဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေတယ်။ နောက်ပြီးတော့လည်း သီချင်းဆိုတယ်ဆိုရင် အများက မိုက်တစ်ခုတည်းကိုသုံးတယ်။ အဲဒီကနေပြီးတော့ ပိုးတွေက ပြန့်ပါတယ်။ တစ်ယောက်က ထုတ်လိုက်တဲ့ ပိုးတွေကို နောက်တစ်ယောက်က ရှူသွင်းသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကာရာအိုကေဆိုင်တွေနဲ့ ပတ်သက်လို့ ကျွန်မတို့ တိတိကျကျ၊ တင်းတင်းကြပ်ကြပ်အရေးယူပါမယ်။ အခုလည်း အရေးယူဖို့ဆောင် ရွက်နေပါတယ်ဆိုတာလည်း ပြည်သူတွေကို အသိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကနေပြီးတော့ ကာရာအိုကေနဲ့ပတ်သက်လို့ အရေးမယူဘူးလား၊ လွှတ်ထားသလားလို့ ဆိုပြီးတော့ မေးခွန်းတွေထုတ်ပါတယ်။ ကျွန်မတို့လည်း ဒါအမြဲပဲစဉ်းစားပါတယ်။ ဒါဟာ ဘယ်လောက် ကျွန်မတို့ လုပ်နေတဲ့အလုပ်တွေဟာ ပီပီပြင်ပြင်ရှိရဲ့လား၊ တင်းကြပ်သင့်သလောက် တင်းကြပ်ရတာ၊ တင်းကြပ်ချင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ စောစောကပြော သလိုပေါ့။ ထိန်းချုပ်ချင်တာ ရောဂါပါ၊ ပြည်သူတွေကို မဟုတ်ပါဘူး။ ရောဂါကို ထိန်းချုပ်ဖို့အတွက် ကျွန်မတို့ ဒီစည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ရတာဖြစ်ပါတယ်။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့တော့ အမြဲပဲ အနာဂတ်ကိုပဲ ကြည့်စေချင်ပါတယ်။ ပစ္စုပ္ပန်ကို တည့်တည့်ရှုရမယ်ဆိုတာ အမှန်ဆုံးပါ။ ဒါပေမယ့် ပစ္စုပ္ပန်ကို တည့်တည့်ရှုတဲ့ အခါမှာ အနာဂတ်ကို မျက်ခြေပြတ်သွားလို့ မဖြစ်ပါဘူး။ အနာဂတ်ကို ဘယ်သွားချင်သလဲဆိုတာကိုလည်း ကျွန်မတို့ စဉ်းစားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မကနေပြီးတော့ စီးပွားရေး အခြေအနေနဲ့ပတ်သက်လို့ ကြုံရင်ကြုံသလို ပြည်သူတွေကို တင်ပြတာဖြစ်ပါတယ်။ အစိုးရိမ် မလွန်စေချင်လို့ပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် အခု ကျွန်မကြည့်လိုက်တဲ့အခါကျတော့ တိုးတက်မှုနှုန်းတွေပေါ့နော်။ တစ်ကမ္ဘာလုံးမှာဆိုရင် တိုးတက်မှုနှုန်းတွေက ကျနေပါတယ်။ ကျနေပေမယ့် တချို့နိုင်ငံတော်တော်များများမှာဆိုရင် ကျတာ ဘယ်လောက်ကျသလဲဆိုတော့ အနုတ်လက္ခဏာပြနေတာ၊ သုညအောက် ကျသွားတယ်။ ကျွန်မတို့ဟာ အခုထိတော့ သုညအောက်မကျသေးပါဘူး။ သုညအောက်မကျတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါတယ်လို့ပြောရမှာပေါ့။ ကျွန်မတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ကျွန်မတို့နိုင်ငံ အခုထိတော့ ရှိပါသေးတယ်။ ဆက်ရှိမယ်လို့တော့ ကျွန်မတို့ အာမမခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီဒုတိယလှိုင်းနဲ့လည်း ကျွန်မတို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

သို့သော်ငြားလည်း ကျွန်မတို့ ဆက်ပြီးတော့လည်း ထိန်းထားပါ့မယ်။ ထိန်းထားရုံတင်မက ပိုပြီးတော့ တိုးတက်အောင်လည်း လုပ်ပါ့မယ်။ အဲဒါကိုလည်း ပြည်သူတွေအနေနဲ့ နောင်ပေါ့နော်။ အနာဂတ်စီးပွားရေး အခြေအနေကို စဉ်းစားပြီးတော့ အစိုးရိမ်မလွန်စေချင်ပါဘူး။ အခုချိန်မှာ ကျန်းမာအောင်နေပါ။ အကယ်၍ ရောဂါပိုးဝင်နေပြီဆိုရင် ရောဂါပိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုကိုယ် မှန်မှန်ထားပါ။ ကျွန်မတို့အားလုံး နိုင်ငံတော် အစိုးရကရော၊ ပြည်သူပြည်သားတွေကရော ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို ယုံကြည်ပါ။ နောင်လာမယ့် စီးပွားရေး အခက်အခဲတွေအတွက် ကျွန်မတို့နိုင်ငံတော်ကနေပြီးတော့ ပြင်ဆင်ထားတာရှိပါတယ်။ ပြင်ဆင်ထားပြီးသားပါ။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အရင်တုန်းက ပြင်ဆင်ထားပြီးပြီဆိုတော့ ထိုင်ပြီးကြည့်နေမှာ မဟုတ်ပါဘူး။ အခြေအနေ ပြောင်းလဲတာနဲ့အမျှ ကျွန်မတို့ ဘယ်လိုပြောင်းလဲ သင့်တယ်၊ ဘယ်လိုခြေလှမ်းတွေ လှမ်းနိုင်မယ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

ကျွန်မ ထပ်တလဲလဲ ပြောသလိုပေါ့။ ကျွန်မတို့ပြည်သူတွေရဲ့ အဓိကတာဝန်ကတော့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ပါ။ ပိုးဝင်ပြီးပြီဆို ရင် ဒီဟာကို ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်အင်အားနဲ့မက နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအင်အားနဲ့ ကျော်လွှားပါ။ ကိုဗစ်ရောဂါပိုး မဝင်သေးဘူးဆိုရင်လည်း နောင်မဝင်အောင်လို့၊ ကိုယ့်ကိုယ်ကိုယ် မကူးစက်အောင်လို့၊ တခြားသူတွေ မကူးစက်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျန်တဲ့ကိစ္စ တွေကိုတော့ နိုင်ငံတော်ကနေပြီးတော့ တတ်နိုင်သမျှ တာဝန်ယူပါ့မယ်။ ကျွန်မ တတ်နိုင်သမျှလို့ပြောတာ ဘာဖြစ်လို့လဲဆိုတော့ အားလုံးကိုလည်း ကျွန်မတို့ကနေ ကြိုတင်ပြီးတော့ ခန့်မှန်းလို့မရပါဘူး။ ခန့်မှန်းနိုင်သ၍တော့ ခန့်မှန်းပြီးတော့ ပြည်သူလူထု မထိခိုက်အောင်၊ နိုင်ငံတော်မထိခိုက်အောင်လို့ ကျွန်မတို့ တစိုက်မတ်မတ်လုပ်နေပါတယ်ဆိုတာတော့ ပြည်သူတွေ ယုံကြည်စေချင်ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါကို တစ်ယောက်ချင်းတစ် ယောက်ချင်း အောင်နိုင်အောင် လုပ်မယ်ဆိုလို့ရှိရင် တစ်နိုင်ငံလုံးကလည်း အောင်နိုင်မှုရမှာလို့ ယုံကြည်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

အားလုံး ကျန်းမာချမ်းသာအောင် နေနိုင်ကြပါစေ။ မေတ္တာအများကြီး ပို့ပါတယ်။ ကျေးဇူးတင်ပါတယ်။