ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ဆယ့်နှစ်ဦးအထိ ရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ချက်အရ က ချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၇ ရက်အထိ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ဆယ့်နှစ်ဦး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဖားကန့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဖားကန့်မြို့နယ်တွင် ယခင်က ကိုဗစ်အတည်ပြုလူနာ ၉ ဦးရှိခဲ့ပြီး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂၇ ရက် ည ၈းဝ၀ နာရီ ထုတ်ပြန်ချက်အရ ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ နှစ်ဦးနှင့် လုံးခင်းကျေးရွာ တိုက်နယ်ဆေးရုံမှ တစ်ဦးတို့မှာ ကိုဗစ် – ၁၉ ပိုး တွေ့ လူနာ အဖြစ် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ပိုးတွေ့လူနာ နှစ်ဦးမှာ ဖားကန့်မြို့ ပြည်သူ့ ဆေးရုံတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် လုံး ခင်း ကျေးရွာမှ အသက် ၃၂ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ဖားကန့်မြို့ ပြည်သူ့ဆေးရုံက နှစ်ဦးကို သီတဂူစက္ခုဆေးရုံကို ရွှေ့ပြောင်း ထားပြီးဖြစ်ပါတယ်။ လုံးခင်း ကျေးရွာက တစ်ဦးမှာ လုံးခင်းတိုက်နယ် ဆေးရုံ မှာပဲ ဆေးဝါးကုသလို့ အဆင်ပြေတဲ့အတွက် သီတဂူ ဆေးရုံကို မရွှေ့ ပြောင်း တော့ပါဘူး။”ဟု ဖားကန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မင်းလွင်က ပြောသည်။

လုံးခင်းတိုက်နယ် ဆေးရုံမှ ကိုဗစ် ၁၉ ပိုးတွေ့လူနာသည် စက်တင်ဘာ ၂၀ ရက်က အနံ့ပျောက်၍ ဆေးဝါးကုသမှု ခံယူနေသော အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ကြောင်း လုံးခင်းတိုက်နယ် ဆေးရုံအုပ် ဒေါက်တာ ကျော်မျိုးထွန်းက ပြောသည်။

လက်ရှိ ဖားကန့် သီတဂူစက္ခုဒါနဆေးရုံ၌ ကိုဗစ် ၁၉ ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ကို ဆေးဝါးကုသပေးနေပြီး ယခင် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှ ပိုးတွေ့ လူနာ ၅ ဦးမှာ ဆေးဝါးကုသမှု ခံယူပြီး ကျန်းမာ စွာဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ-ရွှေလင်း (မြစ်မခ)