လွမ်းစရာကွက်လပ်တစ်ခု

မိမိ ပထမဦးဆုံး ပညာရေးလောကထဲသို့ စတင်တာဝန်ကျတော့ ငွေမင်ရည်သုတ်ထားသလို ဖြစ်နေသည့် မိုးလက်တံဥဥလေးတွေက ပတ်ဝန်းကျင်တစ်ခိုကို ပုဝါပါးလွှမ်းခြုံထားသလို ထွေးပွေ့ ဖြန့်ချထားသောအချိန်။ မိုးစက်မိုးပေါက်ကလေးတွေ မြေပြင်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး ဘေးသို့ ဖွာခနဲ လွင့်စင်သွားပုံက ကန္ဒရီကလေးတွေ ယိမ်းကနေသည့်နှယ်။ သွပ်မိုးပေါ်သို့ မိုးဥဥကလေးတွေ တဖွေးဖွေး ကျနေသံက စည်းဝါးကိုက်ညီသော ဂီတသံလိုပင်။ ထိုသို့ပင်…..ပတ်ဝန်းကျင်ကို မျက်စိထဲ စွဲထင်မှတ်ယူနေမိသည်။

ကဝမြို့နယ်ထဲမှာရှိသည့် ရွာလေးတစ်ရွာကို မိမိ ပထမဦးဆုံး တာဝန်ကျသည်။ အလုပ်ခန့်စာ စာရွက်လေးကြည့်ပြီး တစ်ယောက်ထဲ ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိသည်။ စိတ်ထဲ တွေးမရအောင်လည်း ဖြစ်နေမိသည်။ ဝေါမြို့နယ်ထဲမှာရှိသည့် မိမိကို တခြားမြို့နယ်သို့ ပို့လိုက်သည့် အကြောင်းရင်းကိုလည်း တွေးယူမရအောင် ဖြစ်နေမိသည်။ မိမိမြို့နယ်ထဲမှာ နေရာလပ်မရှိလို့ပဲ နေမည်ဟု မှတ်ယူခဲ့သလို၊ ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ရတော့လဲ ကောင်းတာပဲဟု ရသေ့စိတ်ဖြေ ဖြေလိုက်မိသည်။

အိမ်မှာရှိသည့် အဖေနှင့်အစ်ကိုကို ထိုအကြောင်းပြောပြီး နေရာသစ်ကို သိအောင် နောက်တစ်ရက် ကဝမြို့နယ်ထဲသို့ ခြေဆန့်ကျောခင်းမိသည်။ အသိ သူငယ်ချင်းတွေ၏ အကူအညီဖြင့် မိမိကျသည့် ကျောင်း၏ ကျောင်းအုပ်ကြီးအိမ်သို့ ရောက်သွားခဲ့သည်။ ကျောင်းအုပ်ကြီးက ဖော်ဖော်ရွေရွေပဲ ဖြစ်သည်။ ဆရာကြည့်ချင်ရင်..အခုကျောင်းကို သွားကြည့်ပါလား ကျွန်တော် ကျောင်းမှာရှိတဲ့ ဆရာ/ဆရာမတွေကို ဆရာလာမယ်ဆိုတဲ့အကြောင်း လှမ်းအကြောင်းကြားပေးထားမယ်ဟု စေတနာစကား ဆိုလာသောအခါ….။ မိမိသွားကြည့်ဖြစ်ခဲ့သည်။

မိုးတွင်းကာလဆိုတော့ ထိုကျောင်းလေးကို ရောက်ဖို့ စက်လှေနှင့်သွားရသည်။ နွေအခါဆိုလျှင်တော့…ဆိုင်ကယ်နှင့်အရောက် ထိုကျောင်းလေးသို့ သွားလို့ရသည့် ခရီးလေးပဲ ဖြစ်သည် ။ မိမိနေရာနှင့်ဆို ထိုကျောင်းလေးနှင့် အတော့်ကို အလှမ်းကွာလွန်းသည်။ မှတ်မိနေသေးသည်။ မိမိစောင့်စီးမည့် တံတားပေါ်ကနေ ချောင်းကလေးကို ကြည့်လိုက်တော့ အဝါရောင်ဖဲကြိုးလေး လေထဲမှာ လွန့်လူးယိမ်းထိုးနေသလိုပင်။ ထိုသို့ပင်…ထိုချောင်းကလေးက မိမိ အာရုံဖန်သားပြင်ကို စွဲထင်သွားအောင် ဖမ်းစားနိုင်လွန်းခဲ့သည်။

မိမိ ကံကောင်းသည်ဟု ပြောရမည်။ စိတ်စေတနာကောင်းပြီး သဘောကောင်းလွန်းသည့် လုပ်ဖော်ကိုင်ဖက်တွေ၊ အကြီးအကဲတွေနှင့် ထိုရွာလေးမှာ ဘဝတစ်ကွေ့တိုးတိုက် ကြုံဆုံခဲ့ရသည် ။ ယောင်္ကျားလေး ကျောင်းဆရာဖြစ်သည့် အတွက်၊ နေရေးထိုင်ရေး စားသောက်ရေး အခက်အခဲ ရှိမည်ဆိုးသည့်အတွက် အစစအရာရာကို ထိုရွာကျောင်းလေးက အကုန် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ အခုနေ ပြန်တွေးကြည့်လိုက်တော့ ထိုရွာကျောင်းလေးကို ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။

ထိုရွာကျောင်းလေးမှာ မိမိ သုံးနှစ်နီးပါး သီတွဲခိုကပ် နေထိုင်ခဲ့သည်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် တစ်နှစ်နီးပါးပဲ ထိုရွာကျောင်းလေးမှာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ကျန်သည့် နှစ်နှစ်က မိမိ ကိစ္စတစ်ခုဖြင့် အဝေးတနေရာမှာ ကျင်လည် ကျက်စား နေထိုင်ခဲ့ရသည်။ ထိုရွာလေး မိမိအပေါ်မှာ တာဝန်ကျေသည်ဆိုတာထက် အများကြီး ပိုခဲ့သည်။ လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမတို့ မိမိအပေါ်မှာ တာဝန်ကျေလွန်းမက ကျေခဲ့သည်။ လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမတွေ၏ နာမည်တွေက အခုထိ မိမိစိတ်စားကျက်ကွင်းထဲက မထွက်။ ထိုအမည်တွေက အချိန်ရှိတိုင်း မိမိရင်ကမ်းစပ်ကို ခဏခဏ လာရိုက်ခတ်နေတတ်သည်။ ဒေါ်ဖြူဖြူလွင်၊ ဒေါ်သင်းနန္ဒာဇော်၊ ဒေါ်ရွှေရည်သန်း၊ ဒေါ်မေသူဇာခင်၊ ဒေါ်လဲ့ရည်ဦး၊ ဒေါ်သင်းသင်းဌေး၊ ဒေါ်ခင်သန်းနွယ်၊ ဒေါ်ဇင်မာခိုင် စသည့် အမည်နာမတွေက မိမိအတွေးပင့်ကူအိမ်ထဲက မထွက်။ မိမိတို့ ပျော်ခဲ့ မော်ခဲ့ကြသည်။ တစ်ယောက်ဝတ်မှုန်တို့ တစ်ယောက် ထုံသင်းကူးခဲ့ကြသည်။ တစ်ယောက် ဝေဒနာ အတွင်းသားကို တစ်ယောက်ထဲထဲဝင်ဝင် မသိရှိခဲ့ရသည့်တိုင် မိမိတို့ စာနာနားလည် ဖေးကူခဲ့ကြသည်။ တစ်ယောက်စိတ်ပြတင်းပေါက်ကို တစ်ယောက်တို့ဖွင့်ခဲ့ကြသည်။ ကသိကအောက်ဖြစ်စရာ အဖြစ်အပျက်တချို့လည်း ဘဝမှာ ပိုင်ဆိုင်ခဲ့ဖူးသည်။

သို့သော်..အချိန်တန်တော့လည်း တစ်ယောက်လက်တို့တစ်ယောက် စေးကပ်ခဲ့ကြသည်။ လုပ်သက်ပြည့်တော့ အပြောင်းအရွှေ့ တင်လိုက်သည်။ မထင်မှတ်ဘဲ မိမိလိုချင်သည့်နေရာသို့ အပြောင်းအရွှေ့ပါ သွားခဲ့သည်။ ထိုရွာ ၊ ထိုကျောင်း ၊ ထိုလုပ်ဖော်ကိုင်ဖက်တွေနှင့် ခွဲခွာခဲ့ရသည်။ နေရာသစ်၊ ပတ်ဝန်းကျင်အသစ်မှာ လူသစ်တွေနှင့် ဆုံရကြုံရပြန်သည်။

ပထမဦးဆုံးတာဝန်ကျသည့် ရွာကျောင်းလေးသို့ မိမိနေရာပေါင်းစုံကနေ သွားဖူးသည်။ ရန်ကုန်နှင့်အနီးကပ်ရပ်မှာရှိသည့် အင်းတကော်လမ်းကနေလည်း မိမိသွားဖူးသည်။ ထို့အပြင် ပဲခူးမြို့ပေါ်လမ်းဖြစ်သည့် လိပ်ပြာကန်လမ်းကနေလည်း မိမိ ရောက်ဖူးပေါက်ဖူးသည်။ ထို့အတူ မိမိဇာတိလမ်းဖြစ်သည့် ဝေါလမ်းကနေလည်း စိုက်ရောက်ခဲ့ဖူးသည်။ အခုတော့…..။ အရေးကိစ္စရှိလို့ မြို့ပေါ်တက်ဖြစ်သည့်အခါတိုင်း၊ ထိုရွာကျောင်းလေးဆီသို့ သွားသည့် လမ်းကလေးတွေကို တွေ့ရသည့် အခါတိုင်း လှမ်းကြည့်စရာ အကြောင်းပြချက်တစ်ခု လျော့သွားခဲ့ရပြန်သည်။ လှမ်းကြည့်စရာအကြောင်းပြချက်တို့ ဆုံးသွားခဲ့ခြင်းပဲ ဖြစ်သည်။

တနည်းအားဖြင့် ဆုံးသွားခဲ့ခြင်း၊ ပြန်မရနိုင်တော့ခြင်းကပဲ လူတစ်ယောက်အတွက်၊ အထူးသဖြင့် မိမိအတွက် လွမ်းစရာကွက်လပ်တစ်ခုအဖြင့် အမှတ်မထင် စွဲကျန်ရစ်ခဲ့ခြင်းပဲ ဖြစ်မည်ထင်သည်။

ရေးသူ-မောင်သာစိုး(ပြည်)