အသံတစ်ခု၏ ခေါ်ဆောင်ရာ

အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေပြီ။ အာခေါင်ကို ခြစ်၍ လည်ချောင်းကို အတင်း ညစ်ထုတ်လိုက်သော ထိုအသံသည် ပတ်ဝန်းကျင်ကို ထိုးဖောက်ပျံ့နှံ့လာ၏။ ကျွန်တော်သည် ဖတ်လက်စ စာအုပ်ကို ဘေးသို့ ချထားလိုက်မိသည်။ ဦးခေါင်းထောင်၍ ထိုအသံကို နားစွင့်နေလိုက်ပါသည်။ အဆောင်၏ ဒုတိယထပ် ဝရံတာ၌ စာလာဖတ်နေသော ကျွန်တော်သည် ထိုအသံ၏ ဖမ်းစားမှုကို ခံလိုက်ရသည်ထင်၏။ စာထဲ၌ လွင့်မျောနေသောစိတ်တို့က ချက်ချင်း ထိုအသံနောက်သို့ ကောက်ကောက်ပါ သွားလေခဲ့ပြီ။

ထိုအသံ၌ ညှင်သာတိုးလျခြင်း မရှိ။ ထိုအသံ၌ သိမ်မွေ့မှု။ ပျော့ပျောင်းမှု။ နူးညံ့မှုတို့ကို ရှာမရ။ ထိုအသံ၌ သာယာနာပျော်ဖွယ် စည်းချက်တို့ မပါ။ ထိုအသံသည် လောကကို အံတုယှဉ်ပြိုင်နေသော အသံသာ ဖြစ်၏။ လောကဓံ၏ ကြမ်းကြုတ်မှုကို တင်းမာခက်ထန်စွာ ပြန်လည် တုံ့ပြန်လိုက်သော အသံဖြစ်သည်။ အားမာန်အပြည့်ပါသော စစ်သီချင်းကဲ့သို့ ဘဝခွန်အား သတ္တိအပြည့်ပါသော လူသားတစ်ဦး၏ အသံလည်း ဖြစ်သည်။ လောကကို ဒူးမထောက် လက်မမြောက်လိုသော အသံ ဖြစ်၏။ ကျွန်တော် အသေအချာ နားစိုက်ထောင်နေမိသည်။ ဤမျှ ဘဝအားမာန်ပါသော အသံကို ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့ဘူးဟု ထင်မိပါသည်။

“ဒီဘက်က ပြောင်းဖူး။ စားကြအုံးမလား။ အချိုပြောင်းတွေပါတယ်။ သကြားပြောင်းတွေ ပါတယ်။—“

ကျွန်တော် ကြားလိုက်ရသော ထိုအသံသည် တိုတောင်းလွန်းလှပါသည်။ ပြီးတော့ မိန်းမသားတစ်ယောက်၏ အသံ ဖြစ်၏။ ကျွန်တော်တို့သည် မိမိအိမ်၌ မမြင်နိုင်သော ကပ်ရောဂါဆိုး၏ ခြောက်လှန့်မှုအောက်မှာ ပြားပြားမှောက် ဝပ်ဆင်းနေကြစဉ် ထိုအသံရှင် အမျိုးသမီးသည် လမ်းမပေါ်ဝယ် လူးလာခေါက်ပြန် ရှိနေ၏။ သူ ဘယ်ကို ဆက်သွားသလဲ ကျွန်တော် မသိပါ။ သူ ဘယ်သူတွေနှင့် ထိတွေ့ရမလဲ ကျွန်တော် မသိပါ။ သူ့မှာ ကျန်းမာရေးဌာနက ညွှန်ကြားထားသော အကာအကွယ်တွေ ပါရဲ့လား ကျွန်တော် မသိပါ။

သူသည် ကမ္ဘာတစ်လွှား အင်မတန်ကြောက်မက်စရာကောင်းသော ကိုဗစ်-၁၉ နတ်ဆိုး အကြောင်းကို ကြားမိတန်ကောင်း၍ လူသားပီပီ ကြောက်ရွံ့မိတန်ကောင်းသည်ဟု ကျွန်တော် ယုံကြည်မိပါသည်။ သို့သော် သူသည် ဘယ်အချိန် ကူးစက်ခံရမလဲ မသိနိုင်သော ရောဂါထက် ဝမ်းတစ်ထွာ၏ ဆာလောင်မွတ်သိပ်မှုကို ပို၍ စိုးထိတ်နေမိဟန် တူ၏။ နောက်ဆုံး သူသည် ဘဝအရေးကို ဖြေရှင်းဖို့ ကူးစက်မြန် ကပ်ရောဂါဆိုးကို စိန်ခေါ်ကာ တိတ်ဆိတ်ခြောက်ကပ်နေသည့်လမ်းမပေါ် ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။ ထိုအသံမှတစ်ဆင့် ကျွန်တော်သည် မိခင်တစ်ဦး၏ ပုံရိပ်ကို ဖမ်းဆုပ်လိုက်မိပါသည်။

ပေးဆပ်ခြင်းအလှတရားများနှင့် သက်ရှိဘုရားတစ်ဆူ။
ဈေးတောင်း ခေါင်းရွက်ကာ ကြောက်စရာအကောင်းဆုံး ကမ္ဘာကပ်ရောဂါကို မကြောက်မရွံ့ ရင်ဆိုင်နေသည့် မိခင်တစ်ဦး၏ ရုပ်ပုံလွှာ။
သမိုင်းဝင် သူရဲကောင်းများကဲ့သို့ ကမ္ပည်းထိုး မှတ်တမ်းတင်ထားလောက်သော သူရဲကောင်း။
အို— အမေ။

အသံသည် ပေါ်လာလိုက်။ ပျောက်သွားလိုက် ရှိချေ၏။ ကျွန်တော် နားထောင်နေစဉ်မှာပဲ ထိုအသံသည် ကျွန်တော်နှင့် ဝေးရာအရပ်ဆီ လွင့်ပျံ့သွားလေသည်။

ဈေးတောင်းထဲမှ သူ၏ ပူပူနွေးနွေးပြောင်းဖူးလေးများသည် အရသာ ချိုမြနေမည်ဟု ကျွန်တော် ယုံကြည်မိသည်။ ထို့အတူ ကျွန်တော်သည် သူ့ဘဝကိုလည်း သူ့ပြောင်းဖူးလေးတွေလို ချိုမြ မွှေးမြစေချင်မိပါသည်။

အသံတစ်ခု၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါရင်း ကျွန်တော် မောဟိုက်နေမိပါသည်။ အသက်ရှူသံတွေ မြန်လာ၏။ ရင်တုန်သံတွေ တဒိတ်ဒိတ်မြည်လာ၏။ သို့သော် ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်နေမြဲ။

ညက မိုးဆမ်းထားသော သစ်ရွက်လေးများက နေခြည်အောက်မှာ တဖိတ်ဖိတ် တလက်လက်။ ပွတ်သပ်ကျီစယ်လာကြသော လေပြည်တချို့ကြောင့် သစ်ရွက်ကလေးများ ကခုန်နေကြ၏။ ထိုစဉ် သစ်ပင်ထက်က ကျီးငှက်တို့က တအာအာ အော်လေပြီ။ ‘ဥဩ ဥဩ’ ဟူသည့် ဥဩငှက်ငယ်၏ တွန်သံကိုလည်း ကြားလိုက်ရသည်။

ကျွန်တော်သည် နံဘေးက ကော်ဖီခွက်ကို ကောက်မော့လိုက်ပါသည်။ ထို့နောက် ဖတ်လက်စ စာအုပ်ကို ကောက်ကိုင်လိုက်သည်။ ။

ရေးသူ- ကိုကိုလင်း (အမေ့အိမ်)