သီပေါတံတားအဝင်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ တရားခံနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၍ တရားခံနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ်မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သီပေါမြို့နယ် သီပေါတံတားအဝင် လားရှိုးမြို့မှ သီပေါမြို့ဘက်သို့ အမျိုးသားသုံးဦး လိုက်ပါလာသည့် Mark II အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန်တားဆီးစဉ် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးပြီး မိုင်တိုင်အမှတ်၁၃၆/၄နှင့် ၁၃၆/၅ ကြားတွင် နောက်မှ ပိတ်ဆို့ထားသည့်အဖွဲ့က အတားအဆီးများဖြင့် ပိတ်ဆို့ရာ ယာဉ်ရပ်တန့်ကာ ယာဉ်ရပ်လျှင်ရပ်ချင်း ယာဉ်ပေါ်မှ အမျိုးသားသုံးဦး တံခါးဖွင့်ဆင်း၍ အမျိုးသား တစ်ဦးမှ လက်ထဲရှိ သေနတ်အတို(စိစစ်ဆဲ)ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အမျိုးသား နှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာ လက်နက်နှင့်အတူ လွတ်မြောက်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးအေးလွင် ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများမှာ စိုင်းစံဌေး၊ နမ့်လန်ကျေးရွာ၊ သီပေါမြို့နယ်နေသူနှင့် စိုင်းမွမ်းဦး၊ မိုင်းတင်းကျေးရွာ၊ ကျောက်မဲမြို့နယ်နေသူတို့ဖြစ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးသွားသူမှာ စိုင်းစောထွန်း၊ ရပ်ကွက်(၂)၊ တုံလော့အုပ်စု၊ မိုင်းကိုင်မြို့နေသူဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အနေဖြင့် တိုင်းပြည်တာဝန်ကို အသက်ပေးဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်၏ ကျန်ရစ်သူမိသားစုအား လူမှုရေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – နိုင်ဝင်းစိုး
ဓာတ်ပုံ – ရဲဇာနည်