သင်လည်းတစ်နေ့ အိုရဦးမည်

မြန်မာ့ဓလေ့တွင် “ဂါရဝေါစ၊ နိဝါတောစ“ ဟူသော မင်္ဂလာတရားတော်နှင့်အညီ မိမိထက် အသက်ကြီးသူ၊ ဂုဏ်သိက္ခာကြီးသူများအပေါ် ရိုသေလေးစားခြင်း၊ ကူညီရိုင်းပင်းခြင်း အစဉ်အလာသည် ရှေးနှစ်ပေါင်းများစွာကပင် လိုက်နာကျင့်သုံးလျက်ရှိသော ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်သည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်းများပြားသည့် ပြဿနာကို ရင်မဆိုင်ရသေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များအတွင်း ယင်းပြဿနာကို ရင်ဆိုင်ရဖွယ်ရှိနေသည်ဖြစ်ရာ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံစိတ်ချရသော ဘဝမျိုးဖြင့် နေထိုင်နိုင်ရေးမှာ အရေးကြီးသည့် ကိစ္စဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ “(International Day of Older Persons) ဖြစ်သည် ။ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက်အရ နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မျက်မှောက်ကာလသည် ဇီဝနည်းပညာများ တိုးတက်လာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်လာခြင်း၊ ကျန်းမာရေးအသိပညာ ဖွံဖြိုးလာခြင်းနှင့် မွေးဖွားနှုန်းကျဆင်းနေခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများ ပိုမိုတိုးပွားလာသဖြင့် လူဦးရေအချိုးအစား ပြောင်းလဲမှုများဖြင့် ကြုံတွေ့နေရသည်။ သို့ရာတွင် ချမ်းသာကြွယ်ဝသည့် နိုင်ငံများမှလွဲ၍ နိုင်ငံအတော်များများတွင် သက်ကြီးရွယ်အိုများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၁၃ ခုနှစ်တွင် (၈၄၁) သန်းရှိသည့် သက်ကြီးရွယ်အို ပမာဏသည် ၂၀၃၀ ပြည့် အရောက်တွင် အသက် (၆၀)ကျော် သက်ကြီးရွယ်အို ဦးရေ (၁ ဒသမ ၄) ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည်လည်း အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို အချိုးအစားသည် ၁၉၇၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်ပြောင်းလဲလာသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းတွင်လည်း အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် (၁၀ ဒသမ ၁) ရှိပြီး ပင်စင်၊ ထောက်ပံ့ကြေးနှင့် အကျိုးခံစားခွင့် တစ်ခုခုရရှိသူမှာ (၁၄) ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

သက်ကြီးရွယ်အိုတိုးပွားလာမှုသည် စီးပွားရေးဖွံ့ဖြိုးပြီး လူမှုဖူလုံရေးစနစ်ကောင်းသည့် နိုင်ငံများတွင် မသိသာသော်လည်း လူဦးရေထူထပ်ပြီး ဆင်းရဲနွမ်းမှုနိမ့်ကျသည့် နိုင်ငံတချို့တွင်မူ သက်ကြီးရွယ်အိုများအပေါ် ဝန်ထုတ်ဝန်ပိုးကဲ့သို့ ရှုမြင်လာမှုများလည်း ရှိနေသည်။ သက်ဆိုင်ရာအစိုးရအချို့က ယင်းကိစ္စအပေါ် ဖြေရှင်းရာတွင် ဥပဒေတစ်ရပ်ရပ်ဖြင့် အကာအကွယ်ပေးလေ့ရှိသည်။ တရုတ်နိုင်ငံတွင် မိဘဘိုးဘွားများအပေါ် ဂရုမစိုက်၊ မထောက်ပံ့သည့် သားသမီးများကို ပြစ်မှုအဖြစ် သတ်မှတ်၍ ဥပဒေဖြင့်တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင်လည်း “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းထားပြီးဖြစ်ရာ ယင်းဥပဒေအရ မိမိတို့ ကိုယ်တိုင် ရပ်တည်နိုင်စွမ်းမရှိသည့် မိဘဘိုးဘွားများအနေဖြင့် စရိတ်ထောက်ပံ့ရန် လုံလောက်သော ငွေကြေးနှင့် ပစ္စည်းများ ရှိပါလျက် ထောက်ပံ့ခြင်း မပြုသည့် သားသမီး၊ မြေးများအပေါ် စရိတ်ထောက်ပံ့စေလိုမှု တရားစွဲဆိုနိုင်သည်။ ထင်ရှားပါက မိဘဘိုးဘွားတစ်ဦးအတွက် လစဉ် ကျပ်ငါးသောင်းထက်မပိုသော စရိတ် သို့မဟုတ် တစ်လုံးတည်း စရိတ်ကို ပေးစေရန် အမိန့်ချမှတ်နိုင်သည်။ အစိုးရအနေဖြင့်လည်း လက်ရှိတွင်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်လလျှင်တစ်ဦးကို ကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ထောက်ပံ့လျက်ရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အသက်ကန့်သတ်ချက်ကို (၈၅)နှစ်အထိ လျှော့ချပြီး ထောက်ပံ့ပေးလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် သက်ကြီးဘိုးဘွားများဘ၀ ဆည်းဆာချိန်လှပရေးသည် မိသားစုဝင်သားသမီးများအပေါ် မူတည်နေပါသည်။ အနောက်နိုင်ငံတချို့တွင် မိသားစုအတွင်း သက်ကြီးရွယ်အိုများရှိနေပါက လူအိုရုံများသို့ ပို့ဆောင်မှုများရှိသော်လည်း မြန်မာနိုင်ငံတွင်မူ မိဘဘိုးဘွားများအား အိမ်ဦးခန်းတွင်ထားရှိပြီး ပြုစုစောင့်ရှောက်ကြခြင်းမှာ မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သားသမီးများကိုယ်တိုင်က မိမိတို့လည်း တစ်နေ့တွင် သက်ကြီးရွယ်အိုဘဝသို့ ရောက်ရှိလာမည်ဖြစ်ကြောင်းကို နှလုံးသွင်း၍ မိဘဘိုးဘွားများအပေါ် စာနာစိတ်ဖြင့် ပြုစုစောင့်ရှောက်ကြရန်လိုအပ်ကြောင်း စံတော်ချိန်က တိုက်တွန်းလိုက်ရပါသည်။