ပုဂ္ဂလိကသတင်းမီဒီယာများ သတင်းရယူခွင့်မပြုနိုင်သည့်အပေါ် နားလည်ပေးရန် ပြန်ကြားရေးဒုဝန်ကြီးတောင်းပန်၊ သတင်းမီဒီယာလုပ်ငန်းသဘောအနေဖြင့် ဆီလျော်မှုမရှိဟု သတင်းမီဒီယာများ ဝေဖန်

နေအိမ်တွင်နေထိုင်ရေးကန့်သတ်ထားသည့် Stay at Home ကာလတွင် ပုဂ္ဂလိကသတင်းမီဒီယာများကို သတင်းရယူခွင့် မပြုနိုင်ခြင်းအပေါ် ချွင်းချက်ဖြင့်နားလည်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းက ပြောကြားလိုက်သည်။

ထိုသို့ ပြောကြားမှုနှင့်ပတ်သက်၍ သတင်းမီဒီယာလုပ်ငန်းသဘောအနေဖြင့် ဆီလျော်မှုမရှိကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ ဖြစ်နေသည့်အတွက် သတင်းယူခွင့်မရှိလျှင် သတင်းတုများပိုမိုထွက်ပေါ်နေမည်ဖြစ်ကြောင်း သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သတင်းသမားများက ဝေဖန်ပြောဆိုမှုများရှိနေသည်။

“၀န်ကြီး ဦးဖေမြင့်ကတော့ ဒီအခြေအနေမှာ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို စာနဲ့ သတင်းအဖွဲ့အစည်းတွေကရော၊ ကောင်စီကနေ စာပို့တာတွေရော၊ ကျန်တဲ့သူတွေလည်း ပြန်ကြားရေးဝန်ကြီးဌာနကို ပို့ပေးဖို့ပေါ့။ သူတို့လည်းထပ်ဆင့်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကို ထပ်ပို့ပေးမယ်ပေါ့၊ ဒါဝန်ကြီးပြောတာပေါ့။ မနက်က ဒုဝန်ကြီး ဦးအောင်လှထွန်းဖြေတာကတော့ သတင်းမီဒီယာရဲ့အလုပ်အကိုင်သဘောအနေနဲ့တော့ မဆီလျော်ဘူးလို့တော့ မှတ်ချက်ပေးရမှာပေါ့” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ထိုသို့ Stay at Home ကာလ သတင်းသမားများ သတင်းယူခွင့်မရခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်ကလည်း “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ သုံးကြိမ်တင်ပြတောင်းဆိုခဲ့ပြီး သတင်းမီဒီယာ ဥပဒေအရ သတင်းသမားများ လွတ်လပ်စွာသတင်းရယူခွင့် ခွင့်ပြုပေးရမည်”ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲအကြိုကာလတွင် သတင်းအမှားများ များစွာထွက်ပေါ်နေသည့်အတွက် တိုက်ဖျက်ရန်လိုအပ်ပြီး သတင်းမီဒီယာလုပ်ငန်းကို ကန့်သတ်ထားသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း 7Day News သတင်းဌာနမှ သတင်းထောက်ချုပ် ကိုအောင်သစ်လွင်က ဆိုသည်။

“Stay at Home အနေနဲ့ကန့်သတ်လိုက်တဲ့အထဲမှာ သတင်းမီဒီယာပါသွားတဲ့နောက်ပိုင်းမှာ သတင်းအမှားတွေအများကြီးထွက်ခဲ့ပါတယ်။ အတိုင်ပင်ခံကျန်းမာရေးအခြေအနေ ဆိုးနေပြီဆိုတာတွေ၊ အွန်လိုင်းကမဟုတ်မမှန်တဲ့ page ကနေတင်ထားတာ။ အဲဒါမျိုးမှာ သတင်းမီဒီယာက အလျှင်အမြန်ဖော်ပြနိုင်ဖို့လိုတာကိုး။ အဲဒီလိုအနေအထားမျိုးမှာ ကန့်သတ်လိုက်တဲ့အထဲပါသွားတော့ တော်တော်လေးမသင့်တော်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲအကြိုကာလမှာရော၊ လက်ရှိနိုင်ငံရေးအနေအထားအရရော သတင်းအမှားတွေကို တိုက်ဖို့လိုအပ်နေတာကိုး။ အဲဒီနေရာမှာ သတင်းမီဒီယာအစစ်အမှန်ကဘဲ ပြည်သူလူထုကို သတင်းအမှန်ပေးနိုင်တာလေ။ အခုလိုကန့်သတ်ထားတော့ စိတ်မကောင်းစရာတော့ ဖြစ်ရတယ်” ဟု ကိုအောင်သစ်လွင်က သုံးသပ်သည်။

ထို့အပြင် ရုပ်သံသတင်းထောက်တစ်ဦးဖြစ်သူ ကိုဖြိုးထက်အောင်က အထွေထွေရွေးကောက်ပွဲနီးလာသည့်အချိန်တွင် ပြည်သူများသည် မှန်ကန်သည့်သတင်းအချက်အလက်များ သိရှိနိုင်ရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကမီဒီယာများကို ကန့်သတ်သော်လည်း အစိုးရမီဒီယာများသတင်းရယူနေခြင်းမှာ မမျှတကြောင်း သုံးသပ်ပြောဆိုသည်။

“အခြားခွင့်ပြုထားတဲ့လုပ်ငန်းတွေလိုပဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ပြီး ခွင့်ပြုသင့်ပါတယ်။ သတင်းမီဒီယာလုပ်ငန်းကလည်း အရေးကြီးတဲ့လုပ်ငန်းပါ။ အထူးသဖြင့် ရွေးကောက်ပွဲကလည်းနီး၊ ကိုဗစ်ကာလလည်းဖြစ်နေတဲ့အတွက် ပြည်သူတွေ မှန်ကန်တဲ့ သတင်းအချက်အလက်ကို လွယ်လွယ်နဲ့ ရှင်းရှင်းရဖို့ လိုပါတယ်။ အခုပုဂ္ဂလိက မီဒီယာတွေကိုကန့်သတ်ပြီး အစိုးရမီဒီယာတစ်ခုတည်းက သတင်းရယူနေတာ မမျှတပါဘူး။ ဒုဝန်ကြီးအနေနဲ့ သူကိုယ်တိုင် သတင်းထောက်ဘဝက လာတာမို့ ပိုနားလည်နိုင်မယ်ထင်ပါတယ်” ဟု ကိုဖြိုးထက်အောင်က သုံးသပ်သည်။

Stay at Home ကာလတွင် သတင်းသမားများ သတင်းရယူနိုင်ခွင့်အတွက် စက်တင်ဘာ ၂၁ ရက်နှင့် စက်တင်ဘာ ၂၄ ရက်တို့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြန်ကြားရေးဝန်ကြီးဌာနထံ နှစ်ကြိမ်တိုင်တိုင် မေတ္တာရပ်ခံစာပေးပို့ တောင်းဆိုခဲ့သည်။

သို့သော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုမရှိသည့်အတွက် စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်များ (ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်)ထံသို့လည်းကောင်း မေတ္တာရပ်ခံစာများ ထပ်မံပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ − ကျော်ကျော်/စံတော်ချိန်