လားရှိုးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရာ၌ ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံး

လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရာ၌ ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံတစ်ဦးသေဆုံးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(ဗဟို)မှသတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂)၊ ခိုင်ရွှေဝါလမ်းနေ နော်အောင်(ခ) လမုန်နော်အောင် (၅၃)နှစ်၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေစဉ် နေအိမ်ဧည့်ခန်း၌ အိမ်ရှင်နှင့်အတူ စိုင်းနော်(ခ)ဒီလာ(၃၀)နှစ်နှင့် ခွန်ဖုန်း(၄၆)နှစ်တို့အားတွေ့ရှိပြီး ငြိမ်နေရန်နှင့် အိမ်ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားနေစဉ် အိမ်ရှင် နော်အောင်(ခ) လမုန်နော်အောင်က ရဲအရာရှိအား ဓားရှည်ဖြင့် ဝင်ခုတ်သည်။

လုံခြုံရေးအဖွဲ့မှ ပထမတစ်ချက်သတိပေးပစ်ခတ်သော်လည်း နော်အောင်(ခ) လမုန်နော်အောင်မှ ဆက်လက် ရန်ပြုတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ရဲအရာရှိ၏ ပစ္စတိုသေနတ်အား လုယူရန်ကြိုးစားလာခဲ့၍ တစ်ချက်ထပ်မံပစ် ခတ်ခဲ့ရာ ၎င်း၏ ဝဲဘက်ရင်ညွန့် ကျည်ထိမှန်ခဲ့ပြီး ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

၎င်း၏နေအိမ်မှ ဘိန်းဖြူ ၈၀ ဒသမ ၉ ဂရမ်(တန်ဖိုးငွေကျပ် ၁၂ဒသမ၁၃၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အ ရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း – နိုင်ဝင်းစိုး
ဓာတ်ပုံ-CCDAC