ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား… အမေစု

တစ်နန်းတော်လုံး ရသေ့ကြီးကိုဂါရဝပြုကြပါတယ်။ ဖခမည်းတော်ကြီးကလည်း ဘုရားလောင်းမင်းသားလေးကိုပွေ့ပြီး ‘ဦးတော်လုပ်’ခိုင်းတာပေါ့။ ဒါပေမယ့် လသားအရွယ် သားတော်လေးက ရသေ့ကြီးကိုဦးညွှတ်တော်မမူပါဘူး။ ဆရာရသေ့ကြီးက မင်းသားလေးရဲ့ လက္ခဏာတော်ကြီးငယ်တွေကိုစစ်ဆေးပြီး ‘ရယ်လည်းရယ်တယ်၊ ငိုလည်းငိုပါတယ်’။ ဒီလောက်ကလေးဖတ်လိုက်ရရင်ပဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သိပြီးသားဖြစ်နေလောက်ပါပြီ။ ဗုဒ္ဓဝင်ကဘုရားလောင်းဖွားတော်မူခန်းပေါ့လေ။ သုဒ္ဓေါဓနဘုရင်က သားဖြစ်သူသိဒ္ဓတ္ထမင်းသားကို ဒုတိယအကြိမ် ရှိခိုးခဲ့ချိန်ပေါ့။ ဒီနေ့မြင်ကွင်းတစ်ခုကြောင့် ကျွန်တော်လည်း ရသေ့ကြီး‘ကာဠဒေဝိလ’ကို ကိုယ်ချင်းစာခဲ့မိပါတယ်။

ဒါပေမယ့် ဒီမြင်ကွင်းမျိုးကို အခုမှ မြင်တာလားလို့ မေးရင်တော့ မဟုတ်ပါဘူး၊ ဖေ့စ်ဘုတ်ဆိုတဲ့ လူမှုမီဒီယာပေါ်မှာတော့ တွေ့နေမြင်နေခဲ့တာကြာပါပြီ။ ကိုယ်နဲ့ဝေးတော့ သွေးအေးနေတဲ့သဘောပေါ့လေ။ ဒီနေ့တော့ ကျွန်တော်တို့ရွာမှာ လှုပ်လှုပ်သဲသဲဖြစ်ခဲ့ပါတယ်။ မနေ့ညနေကတည်းက လှုပ်ခပ်နေကြတာပါ။ ဒီနေ့မနက် (၈)နာရီလောက်မှာ ကားကြီး ကားငယ်၊ ဆိုင်ကယ် အသွယ်သွယ်က ခွပ်ဒေါင်းအလံတွေဆင်ယင်၊ အသံချဲ့စက်ကြီးတွေတင်ပြီး ‘ပြည်သူ့ပါတီအန်အယ်ဒီ… အစဉ်လာအဆက်ဆက်… ရာဇဝင်မရိုင်းတဲ့ ခွပ်ဒေါင်းတို့မာန်ချီ…..၊ ဟောဒီကမ္ဘာဒေါက်ဖိနပ်လျှောက်သံတုန်ဟီနေ…’ ။ ကြည့်လိုက်တော့ နီလို့ ရဲလို့၊ ရဲရဲတောက် အနီရောင်တွေ။

ကျွန်တော်တို့ မိသားစု မနက်ခင်းလမ်းလျှောက်ပြန်လာတော့၊ သားဖြစ်သူက ခွပ်ဒေါင်းအလံလိုချင်လို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဝင်မေးပါတယ်။ အဲဒီဆိုင်က အလံတွေထောင်ထားတာကိုး။ ဆိုင်ရှင်အမျိုးသမီးကဖြေပါတယ်၊ မနေ့ကမြို့တက်ပြီးဝယ်ထားတာ၊ ပြန်ရောင်းစရာတော့ မရှိဘူးတဲ့။ အလံတစ်ခုကို (၂)ထောင်၊ (၃)ထောင်ပေးပြီး အားပေးကြတာပါ။ နို့ဆီသူဌေးတွေကတော့ ကိုယ့်အလုပ်သမားတွေအတွက် ပါတီအင်္ကျီ၊ ဦးထုပ်၊ အလံ၊ နဖူးစည်း၊ စတာ…တွေဖြည့်စည်းပေးကြပါတယ်။ နို့ပို့ဆိုင်ကယ်တွေဆိုရင် ခွပ်ဒေါင်းတွေလွင့်ပျံနေတာပေါ့။ တချို့များ ဆောင်းဘောက်တွေဆင်ပြီး မဲဆွယ်ရင်းနို့ညှစ်၊ နို့ပို့ရင်းမဲဆွယ်ပေါ့လေ။ မသိရင် ပါတီကပဲ နို့လုပ်ငန်းလုပ်နေသလိုလို။

ကျွန်တော့်အိမ်နဲ့ ရှေ့တစ်နှစ်အိမ်ခြားက ညတိုင်းမပျက်မကွက် လော်တပ်ဖွင့်တဲ့ သီချင်းကတော့ ‘ဒီရထားကြီးထွက်ချိန် မမီဘူးဆို’ ကိုဆောင်းဦးလှိုင်က ဦးထုပ်ကလေးဆောင်းလို့။ တစ်ခါတလေကျတော့ အိန်ဂျယ်တယောအထိုးကောင်းတဲ့ ထူးအယ်လင်းရဲ့ ‘ပြောင်းလဲခြင်းရဲ့ သမိုင်းသစ်နေ့ရက်လေးများ…’။ ကြာတော့ အိမ်နီးချင်းတွေပါ အကုန်ပြောင်းရတော့မယ် ထင်ပါတယ်။ မဖွင့်ပါနဲ့လို့ သွားတားရင် ‘အကောခံရမယ်၊ ဖွင့်ချင်သလိုဖွင့်ပါဗျာဆိုရင်လည်း အိပ်မရလို့ ကြာရင် ရောဂါတွေဘာတွေရတော့မယ်။

အခုကပ်ဆိုက်နေတဲ့ ကိုဗစ်ဆိုတာက ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ရမယ်။ ကာကွယ်ဆေးမပေါ်သေးတဲ့အချိန်၊ ဗိုင်းရပ်စ်ရောဂါဆိုတာ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့လည်း သတ်လို့မရနိုင်ဘူး။ တိကျတဲ့ဆေးကုသချက် မရှိသေးဘူးလို့ ဆိုတယ် မဟုတ်လား။ ကျန်းမာကြံ့ခိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပိုးမွေးသလိုမွေးနေရတဲ့အချိန်ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသက်ဆိုတာ ဘာနဲ့ထုပ်ထားရမှန်းမသိအောင် ‘ဗျာ’များနေရပါတယ်။ အခုတစ်ကြိမ်ဟာ ‘ဒုတိယလှိုင်း’ဖြစ်ပါသတဲ့။ ဒုတိယလှိုင်းဆိုတာ ပထမတစ်ကြိမ် ကူးစက်မှုအမြင့်ဆုံးကာလကနေ ထိန်းသိမ်းနိုင်တဲ့ အခြေအနေကိုကျော်လွန်လာပြီး ကူးစက်မှုပြင်းထန်၊ သေဆုံးမှုပြင်းထန်လာတဲ့ကာလဖြစ်ပါတယ်။ ဒီလှိုင်းကြမ်းကြီးကိုဖြတ်ကျော်နိုင်ဖို့ ကျွန်တော်တို့ရဲ့ နာဝါလှေငယ်လေးကြံ့ခိုင်သန်မာနေဖို့ လိုအပ်လှပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်(၁၉)ကူးစက်မှုအခြေအနေက ဒုတိယလှိုင်းမှာ သိသိသာသာထောင်တက်လာပါတယ်။ ပထမလှိုင်းတုန်းက ပိုးတွေ့လူနာလေး (၃၀၀)ကျော်နဲ့ စိတ်အေးလက်အေးပေါ့လေ။ နောက် ဩဂုတ်လထဲမှာ ရခိုင်ပါလာတယ်၊ လူနာဦးရေ တော်တော် တက်လာတယ်။ တစ်နေ့တည်းနဲ့ လူနာသစ်(၄၅)ဦးတိုးလာတော့ အံ့တွေဩနေကြတာပေါ့။ ဗော်လန်တီယာဆရာဝန်တွေ၊ သူနာပြုတွေ စစ်တွေထိချီတက်ခဲ့ရပါတယ်။ အမေစုက ‘ပြည်သူသာလျှင် အဓိက’ဆိုပြီးရောဂါကာကွယ်ရေးနည်းလမ်းတွေကို တစ်ယောက်ချင်းစီတိုင်းက ပူးပေါင်းပါဝင်လိုက်နာပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဩဂုတ် (၂၆)ရက်နေ့မှာ ရခိုင်တစ်ပြည်နယ်လုံး နေအိမ်တွင်နေထိုင်ရေးအစီအစဉ် ချမှတ်ခဲ့ပါတယ်။ မန်မိုရီရီကောခေါ်ပေးနေတာပါ။

ဩဂုတ် (၂၈)ရက်နေ့မှာ ထူးခြားတဲ့သတင်းတစ်ပုဒ် ဖတ်ရပါတယ်၊ ရခိုင်ကနေ ရန်ကုန် လေကြောင်းခရီးသည်တွေ မိမိအသိစိတ်နဲ့ ချက်ချင်းသတင်းပို့ဖို့ပါ။ ရေဒါဖျောက် ကိုယ်ပျောက်ခရီးသည်တွေထင်ပါတယ်။ စက်တင်ဘာ (၂)ရက်နေ့မှာလည်း‘ဆေးသု’ကကျန်းမာရေးဝန်ထမ်းတွေ၊ ‘ပြည်သူ့ကျန်းမာနဲ့ ကုသ’ကကျန်းမာရေးဝန်ထမ်းတွေက ရန်ကုန်တိုင်းထဲဝင်လာတဲ့ လေကြောင်းခရီးသည်တွေဆီ တယ်လီဖုန်းဆက်သွယ်မှုတွေလုပ်ခဲ့ရပါသတဲ့။ ပူးပေါင်းဆောင်ရွက်သူက တစ်ဝက်ကျော်တောင် မရှိဘူးလို့ ဆိုပါတယ်။ ‘ပြည်သူတွေ… ပြည်သူတွေ… လုပ်သားပြည်သူတွေ…’ဆိုတဲ့ သီချင်းတောင် အော်ဆိုနေချင်တော့တယ်။ (၁)ရက်နေ့ကတည်းက ဒေသတွင်းကူးစက်မှုရှိလို့ဆိုပြီး ရန်ကုန်တိုင်းက (၇)မြို့နယ်ကိုနေအိမ်တွင်နေထိုင်ရေးဆောင်ရွက်ခဲ့ပါတယ်။ (၅)ရက်နေ့ရောက်တော့ လူနာသစ် (၁)ထောင်ကျော်ပါပြီ။ (၁၂)ရက်နေ့ ရောက်တော့ (၂)ထောင်ကျော်။ (၁၅)ရက်နေ့၊ (၃)ထောင်ကျော်။ (၁၈)ရက်နေ့၊ (၄)ထောင်ကျော်။ (၂၀)ရက်နေ့မှာ ရန်ကုန်တိုင်းကမြို့နယ် အားလုံး (ကိုကိုးကျွန်းကလွဲလို့) Stay at home။ (၂၁)ရက်နေ့၊ (၅)ထောင်ကျော် ခုန် ခုန် တက်နေပါတယ်။ အောက်တိုဘာ ၁ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာတစ်ရက်တည်းအများဆုံး ၁၀၁၀ ဦးတွေ့ရှိခဲ့ပါတယ်။ သေဆုံးလူနာ ၁၁ ဦးရှိပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ဦးရေဆိုရင်လည်း အောက်တိုဘာ ၁ ရက်နေ့အထိ ၁၄၃၈၃ ဦးနဲ့ သေဆုံးသူ ၃၂၁ ဦးရှိလာပါပြီဖြစ်ပါတယ်။

ခုဆိုမြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါအခြေအနေက တစ်နေ့တစ်နေ့ လူနာသစ်(၁)ထောင်နီးပါးတိုးနေပြီး၊ ဆယ်နဲ့ချီသေဆုံးနေပါတယ်။ လူနာသစ်ပေါင်း (၁)သောင်းကျော် တိုးလာတာဟာ တစ်လအတွင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေက မကြောက်တတ်ပါဘူးလို့ပဲ ပြောရမလားပဲ။

တစ်နေ့က သူငယ်ချင်းကျန်းမာရေးမှူးကညည်းပါတယ်။ သူ့အပိုင် နယ်မြေထဲမှာ ကိုဗစ်လူနာ (၁၆)ဦးရှိပါတယ်။ ထိတွေ့ခဲ့တဲ့သူတွေလိုက်ရှာရ၊ FQ တွေ HQ တွေထားရပေါ့။ တစ်နယ်လုံး ဒိုးလိုမွှေ ရေလိုနှောက်ပြီး အလုပ်တွေလုပ်နေရပါတယ်။ ကျောင်းမှာမနေချင်လို့ နေချင်အောင်၊ အိမ်ထဲမှာနေပြီး ဘာစားရမလဲဆိုတဲ့ လူတွေကိုအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်နေရပါတယ်။ နှာခေါင်းတို့ပတ် နမူနာ (၂)ကြိမ်ယူခ၊ (၆)သောင်းမပေးချင်တဲ့၊ မပေးနိုင်တဲ့သူတွေကိုပေးချင်အောင်၊ ပေးနိုင်အောင် စည်းရုံးရ၊ အလှူခံတန် ခံရဆိုတာမျိုးတွေလည်း လုပ်ပေးရတာပေါ့။ နေ့စောင့် ညစောင့် လုံခြုံရေးချဖို့လည်း အုပ်ကြီးတွေနဲ့ တွန်းအားပေးရပါတယ်။ ဒါပေမယ့် သုံးရက်လောက်နေရင် ဒီရောဂါကြီးကိုကြောက်ပြီး ကျန် ခဲ့တာ သူတို့ကျန်းမာရေးဝန်ထမ်းတွေပါပဲတဲ့။ ရွာသူရွာသားတွေက ပုံမှန်ပြန်ဖြစ်သွားပြီ။ သွားမြဲစားမြဲ တရုန်းရုန်းလုပ်မြဲပေါ့။ အနည်ထိုင်တာမြန်လိုက်တာ ရွှေမြန်မာတွေ။

ကိုဗစ်ဒုတိယလှိုင်းနဲ့အတူ လှိုင်းထလာတာကတော့ ရွေးကောက်ပွဲစည်းရုံးရေးတွေပဲဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလိုပါပဲ။ လူလှိုင်းကြီးတွေ။ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း(၆၀)ကို စက်တင်ဘာ(၈)ရက်နေ့ကစပြီး ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရပါတီခေါင်းဆောင်ပိုင်းတွေက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ တစ်ဖက်ကလည်း အမေစုကိုယ်တိုင် ကားအစီး(၁၀၀)ကျော်ပါတဲ့ စည်းရုံးရေးကားတန်းကြီးကိုကြိုဆိုခဲ့ပါတယ်။ ဒီအားပေးမှုကြောင့်ပဲလား၊ သင်္ကြန်တို့ တောင်ပြုန်းနတ်ပွဲတို့မှာ မကဲခဲ့ရတာကို ရောကြိတ်ချင်တာလား မသိပါဘူး။ လူတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေဟာ ဝေါချင်းဆက် စည်းရုံးရေးတွေဆင်းနေကြ ပါပြီ။ ‘ဘယ်လောက်များလို့လဲ’ဟုတ်လား၊ ကျွန်တော်တို့ရွာက တစ်ရွာလုံးပါပဲ။
‘မဲပေးစို့… မဲပေးစို့… မဲပေးကြပါစို့…’

တစ်နေ့က အမေစုရဲ့ စည်းရုံးရေးဟောပြောချက်ကို တီဗွီမှာကြည့်လိုက်ရပါတယ်။ တစ်ပါတီတည်းက ဆက်တိုက် အမြဲတမ်းအနိုင်ရနေတာ မကောင်းဘူးဆိုပေမယ့် ဒီတစ်ခေါက်လည်း ကျမတို့ပါတီပဲ အနိုင်ရချင်ပါတယ်၊ လုပ်စရာတွေရှိသေးတယ်တဲ့။ ယှဉ်ပြိုင်တဲ့ အမတ်နေရာတိုင်း အပြည့်ရမှ အစိုးရဖွဲ့နိုင်မယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်များ စည်းရုံးရေးတွေဆင်းနေကြတာလား၊ လှုံ့ဆော်နေကြတာလားလို့လည်း ဖြေတွေးနေမိပါတယ်။

ကျွန်တော်မှတ်တာ မမှားဘူးဆိုရင် ဒီလိုစည်းရုံးရေးဆင်းနေတာဟာ ဒုတိယအကြိမ် ရှိပါပြီ။ ပထမစည်းရုံးရေးလှိုင်းမှာ ဒီလောက်ကြီးမလှုပ်ခပ်သေးပါဘူး။ အင်္ကျီလေးတွေဦးထုပ်လေးတွေ ဆောင်းကြ ဝတ်ကြ၊ ဖေ့စ်ဘုတ်ပေါ် တင်ကြ။ အော်… မက်စ်(နှာခေါင်းစည်း) အနီရောင်လေးတွေနဲ့ ရှိုးထုတ်ကြပေါ့လေ။ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေ၊ စတေကာလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ စီးပွားဖြစ်ထွန်းခဲ့တာပေါ့။ ခုထိလည်း ပေးသမျှ ထောက်ပံ့စရိတ်တွေဟာ ပါတီအင်္ကျီတွေဝယ် ဝတ်ကုန်တယ် ထင်ပါတယ်။ ချစ်လိုက်ကြတာ၊ အမေစုရေ…။ ဝမ်းသာရပါတယ်။

ကျွန်တော် ဇာတိရွာရောက်တော့ ကျွန်တော့်အစ်ကိုကို ‘စ’နောက်ဖူးပါတယ်။ ခင်ဗျားတို့ပါတီက အင်္ကျီလေးဘာလေးပေးဘူးလားလို့။ ကျွန်တော့်အစ်ကိုကတော့ ဘာမှမပြောပါဘူး၊ မရီးဖြစ်သူကတော့ ‘မင့်အစ်ကိုနှာခေါင်းစည်းတစ်ခုရတယ်’တဲ့။ လူငယ် စည်းရုံးရေးမှူး၊ (၈၈)ကတည်းက စည်းရုံးလာတာ၊ အမာခံအဖွဲ့ဝင်ကြီး။ တစ်သက်လုံးမှာ ဖုန်းဆင်းကဒ်တစ်ခုနဲ့ နှာခေါင်းစည်းတစ်ခုပဲရဖူးပါတယ်။ ဒီပါတီဝင်တွေက သူတို့ပြောသလို ကိုယ့်ထမင်းကိုယ်စားပါတီဝင်တွေ။ ချစ်စရာကောင်းတယ်။

ကိုဗစ်ကပ်ရောဂါကာလသာမဟုတ်ရင် စိတ်လှုပ်ရှားဖွယ်ရာ၊ တက်ကြွဖွယ်ရာ၊ ဝှဲချီးအံ့ဩဖွယ်ရာမြင်ကွင်းတွေပေါ့။ ဒီလိုလူထုအစည်းအဝေးကြီးတွေကို ဒီချုပ်ပါတီနဲ့မှပဲမြင်ခွင့်ရတာပါ။ နေပြည်တော်မှာ တာဝန်ကျတုန်းက အမေစုရဲ့ ဟောပြောပွဲတွေကိုတက်ရောက်ဖူးပါတယ်။ (၂၀၁၅)မတိုင်ခင်ပေါ့။ ‘ဝန်ထမ်းတွေအနေနဲ့ မမှန်မကန်တာတွေကို မကြောက်တတ်ဖို့’ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော် အားတက်ခဲ့ရတာပေါ့။

ဒါပေမယ့် ကိုဗစ်ရောဂါကတော့ ကြောက်စရာလို့ မြင်ခဲ့ပါတယ်။ ကူးစက်တတ်ပါတယ်။ ကူးစက်မြန်ပါတယ်။ သေဆုံးနှုန်းမြင့်ပါတယ်။ SAR Cov 2 ဆိုတဲ့ ဗိုင်းရပ်စ်ဟာ အနီ၊ အစိမ်း၊ အပြာ မရွေးပါဘူး။ ပါတီစွဲ ပုဂ္ဂိုလ်စွဲမရှိပါဘူး။ အမေစုသားသမီးမို့ သက်ညှာမှာလည်း မဟုတ်ပါဘူး။ အဘမြေးမို့လို့လည်း မျက်နှာလွှဲထားမှာ မဟုတ်ပါဘူး။ ပိုင်ရှင်မဲ့ ဆိုပြီးတော့လည်း ဥပဒေကိုလက်တစ်လုံးခြားပေးမှာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်က သူ့အလုပ် သူလုပ်သွားမှာပါပဲ။

ကျွန်တော် ထွက်ကြည့်လိုက်ပါတယ်၊ စည်းရုံးရေးကားပေါ်မှာ လူတွေအပြည့်ပါပဲ၊ တချို့တလေပဲ နှာခေါင်းစည်းပါပါတယ်။ မိန်းမတစ်သိုက် ဟေး’လိုက်နေကြပါတယ်။ ဟေး… ဝါး… နဲ့ပေါ့လေ။ ပျော်စရာကြီး။ ဆိုင်ကယ်တစ်စီးကို လူသုံးယောက်စီး၊ ဆိုင်ကယ်စီးဦးထုပ်မပါပါဘူး။ အလံတွေ လွှင့်ထားတာ၊ ရှေ့နောက် (၄)ခုစီ။ ဆိုင်ကယ်တွေ၊ ပြီးတော့ ကားတွေ၊ အတန်းလိုက်ကြီး။ တစ်ရွာဝင် တစ်ရွာထွက် သွားကြတော့မယ်။ လမ်းဘေးရွာတွေကထွက်ပြီး အားပေးကြ၊ အချိုရည်တွေတိုက်ကြ၊ မုန့်တွေ ကျွေးကြ။ နောက်ထပ် ထပ်လိုက်လာကြနဲ့ပေါ့။

ဆေးရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ နယ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပင်ပန်းကြပြီ၊ တချို့ ပိုးတွေ့လူနာဖြစ်သွားပြီ၊ သေကုန်ပြီ၊ Q ဝင်နေရပြီလို့ ကြားသိရပါတယ်။ ဒေသတွင်းကူးစက်မှုရှိတယ်။ လက္ခဏာမပေါ်သေးဘဲ တစ်ဆင့်ခံကူးစက်မှုရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒီလိုအကာအကွယ်မဲ့ စည်းကမ်းမဲ့ လူအုပ်ကြီးထဲမှာသာ Silent carrier တစ်ယောက် ပါလာရင်တော့ ၊ပြီးပြီ။ ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတစ်ယောက်မှ ကျန်မှာမဟုတ်တော့ပါဘူး။
ကျွန်တော် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားအမေစု။

ရေးသူ – ကြည်ဇော်လင်း