ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ မော်စကိုမြို့တွင် ယနေ့တွေ့ဆုံမည်

နာဂေါ်နိုကရာဘက်ခ်ျတောင်ကြားဒေသကို ပိုင်ဆိုင်လိုမှုနှင့်ပတ်သက်ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် လာရောက်ဆွေးနွေးရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဖိတ်ခေါ်ခဲ့ရာ နှစ်ဖက်ခေါင်းဆောင်များက လက်ခံသဘောတူကြ၍ အောက်တိုဘာ ၉ ရက်(ယနေ့)တွင် မော်စကိုမြို့၌ တွေ့ဆုံကြမည်ဟု ရုရှားမီဒီယာများကဖော်ပြသည်။

“မော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်ကြမယ်လို့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအစိုးရတွေက အတည်ပြုအကြောင်း ပြန်ထားပါတယ်” ဟု ရုရှားနိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စုလက်အောက်ခံ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း အပြင်းအထန်ဆုံးအဖြစ် တိုက်ပွဲများဖြစ်ခဲ့သည်မှာ သီတင်းနှစ်ပတ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

စိုးရိမ်စရာမှာ အဇာဘိုင်ဂျန်ကို စစ်ကူပေးနေသည့် တူရကီသည် ဆီးရီးယားနှင့် လစ်ဗျားစစ်ပွဲများမှ တူရကီစစ်သားများအား ကရာဘက်ခ်ျဒေသသို့စေလွှတ်ပေးနေခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ရုရှားက အာမေးနီးယားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုထားသောကြောင့်ဖြစ်ကြောင်း သိရသည်။

သတင်း – မောင်ဇေယျ
Ref:The Moscow Times