ပင်လယ်ရေအောက်ကြမ်းပြင်က မယုံနိုင်ဖွယ်ထူးဆန်းတဲ့ ရေနေသတ္တဝါများ

ကမ္ဘာကြီးရဲ့ထူးဆန်းအံ့ဩဖွယ်ရာအကြောင်းတွေကိုပြောမယ်ဆိုရင်စာဖွဲ့လို့ဆုံးမှာမဟုတ်ပါဘူး။ အဲဒီထဲမှာ လူသိနည်းတဲ့ပင်လယ်၊သမုဒ္ဒရာကြမ်းပြင်အောက်ကထူးခြားတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ရေနေသတ္တဝါတွေလည်းပါဝင်နေပါတယ်။သူတို့ကကဘယ်လိုသတ္တဝါအမျိုးအစားတွေလည်း၊သူတို့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကဘာတွေဖြစ်မလည်း။စိတ်ဝင်စားမယ်ဆိုရင်တော့အောက်မှာဖော်ပြပေးထားတဲ့ Link တွေထဲမှာစာအနေနဲ့ရောရုပ်သံအနေနဲ့ရောဝင်ရောက်လေ့လာနိုင်ပါတယ်။

Water Anole

သင်ဟာ ရေအောက်ထဲမှာ အချိန်ဘယ်လောက်ကြာတဲ့အထိ အသက်အောင့်ပြီးနေနိုင်ပါသလဲ။ တကယ်လို့ သင်ဟာ အများဆုံး ၁၆မိနစ်အထိပဲ ရေအောက်ထဲမှာ အသက်အောင့်ပြီးနေနိုင်တယ်ဆိုရင် သင့်ကို သာမန်လူသား တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၆မိနစ်ထက်ပိုပြီး အသက်အောင့်နေနိုင်တယ် ဆိုရင်တော့ သင်ဟာ Anolis အနွယ်ဝင် ရေနေသတ္တဝါအမျိုးအစားထဲမှာ ပါဝင်သွားပါပြီ။ အခုပြောပြမယ့် ထူးဆန်းတဲ့ အကောင်လေး ကလည်း Anolis အနွယ်ဝင် ရေနေသတ္တဝါအမျိုးအစားထဲကပါပဲ။ Water Anole လို့ခေါ်တဲ့ ဒီ ကော်စတာရီကာ ရေပုတ်သင်တွေဟာ ဒီလိုမျိုးအချိန်ကြာကြာ ရေအောက်ထဲနေနိုင်ဖို့အတွက် သူတို့ရဲ့ ဦးခေါင်းနဲ့ ဆက်စပ်နေတဲ့ ပူပေါင်းပုံစံ အိတ်ငယ်လေးထဲမှာ လေတွေကို သိုလှောင်ထားပြီး အဲ့ဒီ ပူပေါင်းလေအိတ်လေးက ရေအောက်ထဲမှာ Water Anole တွေ အသက်ရှူတဲ့အခါ သူတို့ရဲ့ အသက်ရှူစနစ်ကို ထောက်ပံ့ပေးနိုင်တာပါ။ အချိန်တွေအကြာကြီး ရေအောက်ထဲနေရတာ သူတို့အဖို့ ပျင်းစရာကောင်းပေမယ့် ဒီအသက်ရှူစနစ်ကြောင့်ပဲ သူတို့ကို ရေမျက်နှာပြင်မှာ အမဲလိုက်ဖမ်းဆီးနိုင်မယ့် ရန်သူတွေရဲ့ အန္တရာယ်ကနေတော့ သေချာပေါက်ရှောင်လွှဲနိုင်ပါလိမ့်မယ်။

Humphead Parrotfish

ဟာဝါယီကျွန်းဆိုတာ သာယာလှပပြီး အပန်းဖြေချင်စရာကောင်းတဲ့ ကမ်းခြေဒေသလေးအဖြစ် ခရီးသွားတော် တော် များများက လက်ခံကြပြီးသားဖြစ်ပါလိမ့်မယ်။ တကယ်လို့များ သင်ဟာ ဟာဝါယီကမ်းခြေတွေရဲ့ လှပတဲ့ အဖြူရောင်အဖွေးသားသဲသောင်ပြင်ပေါ်ကိုအခြေချမိမယ်ဆိုရင်Humphead Parrotfishလို့ခေါ်တဲ့ကြက်တူရွေးငါးတစ်မျိုးကို သတိရလိုက်ပါ။ ဘာကြောင့်သတိရရမှာလဲဆိုတော့ အဲ့ဒီကမ်းခြေစပ်နားက အဖြူရောင်သဲမှုန်တွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ Humphead Parrotfish တွေ မစင်စွန့်ထားတဲ့ သဲမှုန်တွေ ဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ သင်ဟာ Humphead Parrotfish ရဲ့ မစင်မှုန်တွေပေါ်မှာ မတ်တပ်ရပ်နေတာပါ။
Humphead Parrotfish တွေမှာ ကမ္ဘာပေါ်မှာအမာကျောဆုံး သတ္တုတွေထဲကတစ်ခုဖြစ်တဲ့ fluorapatite (ဖလူရိုရာပါတိုက်ပ်) နဲ့ ပြုလုပ်ထားတဲ့ သွားတွေရှိပါတယ်။ အဲ့ဒီမာကျောတဲ့သွားတွေကို အသုံးပြုပြီးတော့ ပင်လယ်ရေအောက်ထဲက သန္တာကျောက်တန်းတွေကို ခြစ်ယူစားသုံးပြီး အဲ့ဒီစားသုံးလိုက်တဲ့ သန္တာကျောက်တန်း တွေကနေပဲ မစင် သဲအမှုန်လေးတွေအဖြစ် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Humphead Parrotfish တစ်ကောင် ဟာ ကယ်လ်ဆီယမ်ကာဘွန်နိတ်တွေနဲ့ပြုလုပ်ထားတဲ့ သန္တာကျောက်တန်းတွေကို စားသုံးပြီး တစ်နှစ်ကို သဲတန်ချိန် ပေါင်၈၀၀ အထိ မစင်စွန့်လေ့ရှိကြပါတယ်။

Lionfish

Lionfish တွေဟာ ပုံစံလှပသလောက် အန္တရာယ်များပြီး အဆိပ်ပြင်းတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ ဒီငါးကို သေချာ ကြည့်ရင် ရေယက်နဲ့ ကျောရိုးဆူးတောင်တွေမှာ အမည်းရောင်ရှိတဲ့ အဆိပ်ဂလင်းအဖုလေးတွေကို မြင်တွေ့ရ မှာဖြစ်ပါတယ်။ Lion Fish တွေ ရေအောက်ထဲမှာ အန္တရာယ်နဲ့ရင်ဆိုင်ရပြီဆိုရင် သူတို့ရဲ့ ကျောရိုးဆူးတောင် တွေဟာ ထောင်မတ်သွားပြီးတော့ အဲ့ဆူးတောင်တွေနဲ့ပဲ သူတို့နဲ့ရင်ဆိုင်တွေ့တဲ့ ရန်သူတွေကို တိုက်ခိုက် တတ်ကြပါတယ်။ တကယ်လို့များသင်ဟာ ပင်လယ်ရေအောက်ထဲမှာ ကူးခတ်လေ့လာနေရင်း Lion Fish တွေနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင်တော့ သူတို့ရှိတဲ့နေရာကနေ အမြန်ဆုံးရှောင်ထွက်လာဖို့ အကြံပေးပါရစေ။

Stargazer

ကျွန်မတို့ငယ်ငယ်တုန်းက ကစားကြတဲ့ ကစားနည်းတွေထဲမှာ hide-and-seek လို့ခေါ်တဲ့ တူတူပုန်းတမ်း ကစား နည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ထူးဆန်းတဲ့ငါးတစ်မျိုးကတော့ တူတူပုန်းတမ်း ကစား တဲ့ နေရာမှာ တော်တော်ကို ကျွမ်းကျင်တယ်လို့တောင် ဆိုရမှာပါ။ ဒါပေမယ့် ပရိသတ်ကြီးကတော့ ဒီငါးနဲ့ တူတူပုန်းတမ်းကစားဖို့ မတွေးလိုက်ပါနဲ့။ ဒီငါးရဲ့နာမည်ကိုတော့ Stargazer လို့ခေါ်ပါတယ်။ ဖန်ဆင်းရှင် တွေ ဖန်တီးသမျှထဲမှာ အဆိုးရွာဆုံး၊ အကြမ်းကြုတ်ဆုံးငါးကို ဖန်တီးလိုက်ခြင်းလို့လည်း လူတော်တော်များများက တင်စားသတ်မှတ်ထားကြပါတယ်။ ဒီငါးက ဘာတွေဆိုးရွားလို့ ဘာလို့အဲ့လို သတ်မှတ်ကြတာပါလဲ?
Stargazer ငါးတွေဟာ နာမည်လေးလှသလောက် ပုံပန်းသဏ္ဍာန်က တော်တော်ဆိုးလွန်းတဲ့ ငါးတွေပါ။ ဒါ့အပြင် ရေအောက်ကြမ်းပြင်မှာ အမဲလိုက်ရာမှာလည်း တော်တော်လေးကို ကျွမ်းကျင်တဲ့ အန္တရာယ်ရှိ ငါး တစ်မျိုးဖြစ် ပါ တယ်။ တခြားငါးတွေကို အစာရှာမယ်ဆိုရင် အရင်ဆုံး သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို ရေအောက်ကြမ်းပြင်က သဲ တွေ ထဲမှာ မြှုပ်လိုက်ပါတယ်။ ပြီးရင် သားကောင်က သူတို့အနားကပ်လာတာနဲ့ တီကောင်ပုံစံလျှာကြီးနဲ့ ဖမ်း ယူပြီးတော့ အရှင်လတ်လတ်စားသုံးပစ်ပါတယ်။ ဒီအမဲလိုက်နည်းဟာ သူတို့အကျွမ်းကျင်ဆုံးအလုပ်ဖြစ်သလို တကယ်လည်းမထင်မှတ်ထားတဲ့အခြေအနေမျိုးကြောင့်လည်း သားကောင်တွေ အငိုက်မိပြီး အလွယ်တကူဖမ်းဆီးခံရတာပါ။
ဒါ့အပြင် Stargazer တွေဟာ သူတို့ရဲ့ အဆိပ်ရှိတဲ့ ရေယက်၊ ဆူးတောင် စတဲ့အစိတ်အပိုင်းတွေကနေ လျှပ်စစ် ဓာတ် ထုတ်လွှတ်ပြီး သားကောင်တွေကို ရှော့ရိုက်နိုင်သလို ကြီးမားတဲ့မျက်လုံးတွေရဲ့ အနောက်ဘက်ကနေ လျှပ်စစ်လှိုင်းတွေထုတ်လွှတ်ပြီး သူတို့ကိုတိုက်ခိုက်လာတဲ့ ရန်သူကို ပြန်လည်ခုခံနိုင်ပါသေးတယ်။

Stonefish

အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ပင်လယ်ရေအောက်ကြမ်းပြင်က ပုံစံဆန်းပြားတဲ့ ကျောက်တုံးတစ်တုံးပုံစံပါပဲ။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် ဒီအရာက ကျောက်တုံးမဟုတ်ပဲ ငါးဖြစ်နေတာကို တွေ့ရမှာပါ။ ၂ မျိုး စလုံး လည်းဖြစ်နိုင်ပါတယ်။ ဒါဆို ကျောက်တုံးငါးပေါ့။ ဟုတ်ပါတယ်။ ဒီငါးက Stonefish လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ Scorpionfish အနွယ်ဝင် ငါးတစ်မျိုးပါ။ ဒီငါးတွေဟာ ပင်လယ်ရေအောက်ကြမ်းပြင်ရဲ့ သန္တာကျောက် တန်း တွေကြား ထဲမှာ ပုန်းကွယ်နေတတ်ကြပြီး ကျောက်တုံးပုံစံငြိမ်သက်ကာ သားကောင်ကို တိုက်ခိုက်ဖို့ အမြဲ ချောင်း နေတတ်ကြပါတယ်။ အနားကို တခြားငါးအမျိုးအစားတွေရောက်လာပြီဆိုရင်တော့ အဲ့ငါးတွေဟာ Stonefish ရဲ့ သားကောင်ဖြစ်သွားပါပြီ။ ပရိသတ်ကြီးအနေနဲ့လည်း ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ် မိမယ် ဆိုရင် Stonefish ကို ကျောက်တုံးမှတ်ပြီး တက်မနင်းမိဖို့လည်းသတိပေးချင်ပါတယ်။ဘာလို့လဲဆိုတော့Stonefish တွေကို တက်နင်းမိပြီဆိုတာနဲ့ သူတို့ခန္ဓာကိုယ်ရဲ့ ဆူးတောင်တွေကနေ အဆိပ်တွေ ထုတ်လွှတ် မှာဖြစ်ပြီးတော့ အဲ့အဆိပ်တွေဟာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတာကြောင့်ပါပဲ။ ဒါကြောင့် ပင်လယ် ရေအောက်ကြမ်း ပြင်မှာ လမ်းလျှောက်မယ်ဆိုရင် သတိနဲ့လျှောက်ပါ။ ရေကူးဖိနပ်တွေဝတ်ထားပါ။ Stonefish လို အဆိပ်ပြင်းပြီး အန္တရာယ်ရှိတဲ့ငါးတွေကို တိုက်ရိုက်တက်မနင်းမိစေဖို့အတွက် ခြေထောက်ကို ရှပ်တိုက်လျှောက်ပါလို့လည်း ထပ်ဆောင်း အကြံပေးချင်ပါတယ်။