သန်လျင်၌ လက်ဆေးပြီးမှ အိမ်ထဲဝင်ရန် ပြောသူကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသူအား ဖမ်းဆီးအရေးယူ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင် မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကညင်ပင်ကျေးရွာ တာဝကွက်သစ် မဟာစည်လမ်းထိပ်တွင် အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က ကိုဗစ်(၁၉) ရောဂါ ကာကွယ်ရေးအတွက် ‘မင်းလက်ဆေးပြီးမှ အိမ်ထဲဝင်ရမယ်’ဟုပြောသူကို မကျေနပ်၍ အသင့်ပါလာသော ဓားဖြင့်ထိုးကာ ထွက်ပြေးသူအား သန်လျင်မြို့မရဲစခန်း၌ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့ ဘုရားကုန်းကျေးရွာအုပ်စု ကညင်ပင်ကျေးရွာ တာဝကွက်သစ် မဟာစည်လမ်းထိပ်၌ ရဲရင့်ကျော် အသက်(၃၂)နှစ်သည် စုပေါင်းအဖွဲ့ဖြင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးရန် စစ်ဆေး မှုများပြုလုပ်နေစဉ် ဘုရားကုန်းကျေးရွာ အုပ်စု ကညင်ပင်ကျေးရွာ တာဝကွက်သစ် မဟာစည်လမ်းနေ ကိုကိုဌေး(ခ)အငယ်ကောင် အသက်(၂၃)နှစ်မှာ အပြင်မှ ၎င်း၏နေအိမ်သို့ပြန်လာသဖြင့် ရဲရင့်ကျော်က ကိုကိုဌေး(ခ)အငယ်ကောင်အား ‘မင်း လက်ဆေးပြီးမှ အိမ်ထဲဝင်ရမယ်’ဟုပြောဆိုသည်ကို မကျေနပ်၍ ကိုကိုဌေး(ခ)အငယ်ကောင်က ၎င်း၏ ယာဘက်ဒူးစွပ်အတွင်းထည့်ထားသည့် သတ္တုလက်ကိုင်ရိုးတပ် အရိုး သုံးလက်မခန့်၊ အသွား လေးလက်မခန့်၊ စုစုပေါင်း အရိုးအသွား ခုနစ်လက်မခန့်ရှိ တစ်ဖက်သွားမျှော့ချောင်းပါ ဓားဦးချွန်ဖြင့် ရဲရင့်ကျော်အားထိုးပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုကိုဌေး(ခ)အငယ်ကောင်က ဓားဖြင့်ထိုးသဖြင့် ရဲရင့်ကျော်တွင် ယာဘက် နို့အုံအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးဝါးကုသမှုခံယူနေပြီး ရဲရင့်ကျော်အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသူ ကိုကိုဌေး (ခ) အငယ်ကောင်ကို သန်လျင်မြို့မရဲစခန်းကဖမ်းဆီး၍ ဥပဒေအရအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း – သက်ခိုင်(သန်လျင်)