COVID-19 ရောဂါပြင်းထန်လူနာများအတွက် သွေးရည်ကြည်အလှူရှင်များဖိတ်ခေါ်

COVID-19 ရောဂါပြင်းထန်သော လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန် သွေးရည်ကြည်အလှူရှင်များကို ဖိတ်ခေါ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၁၇ ရက်) တွင်ထုတ်ပြန်ကြေညာလိုက်သည်။

COVID-19 ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်ထဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2)ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antbody) များ ကျန်ရစ်သည့်အတွက် ၎င်းတို့၏ သွေးရည်ကြည် (Convalescence Plasma) အား အသုံးပြု၍ COVID-19 ရောဂါပြင်းထန်သော လူနာများကိုကုသရာတွင် ရောဂါသက်သာပျောက်ကင်းရန် အထောက်အကူပြုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် သွေးရည်ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀) စီစီမှ (၆၀၀) စီစီအထိ ထုတ်ယူနိုင်၍ လူနာ ၂ ဦးမှ ၃ ဦးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သွေးရည်ကြည် လှူဒါန်းရာတွင် အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ ကိုယ်ခန္ဓာတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည်အလှူရှင်မှာ သွေးအားလျော့နည်းသွားခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

သွေးရည်ကြည်လှူဒါန်းခြင်းကို ၂ ပါတ်မှ ၄ ပါတ် တစ်ကြိမ်၊ ၃ ကြိမ်ထိလှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှတစ်ဦးထက်မကသော COVID-19 လူနာများ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး ၂၈ ရက်ထက်မနည်း နေကောင်းနေသူ၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ရှိသူ၊ ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရမည်ဖြစ်ပြီး ကျန်းမာနေကောင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သာမန်သွေးအလှူရှင်များ၏ ကျန်းမာရေးကိုမထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး သွေးရည်ကြည်မလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားသွေးဌာနမှ COVID-19 ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည်စုဆောင်းသည့်လုပ်ငန်းကိုဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင် သွေးရည်ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိပြီး ၀၉ -၅၁၃၀၄၁၈၊ ၀၉-၅၄၀၂၀၉၈၊ ၀၉-၉၆၅၁၃၀၄၁၈ www.donatebloodmyanmar.org တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း-သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – EPA