ရွေးကောက်ပွဲမကျင်းပနိုင်သည့်အတွက် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများ နစ်နာဆုံးရှုံးမှုများရှိနေ

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်နှင့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ်မြို့နယ်များမှ ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားပါတီများနစ်နာဆုံးရှုံးမှုများရှိနေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်မှုများရှိနေသည်။

ယမန်နေ့(အောက်တိုဘာ ၁၆ ရက်)ညပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များကို ကြေညာခဲ့သည်။

ယင်းထဲတွင် ရခိုင်ပြည်နယ်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးစသည့် မြို့နယ် ၉ မြို့နယ်လုံးနှင့် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်မှ ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု တို့ပါဝင်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများပြားခဲ့သည်။

ယခုရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရခဲ့သည့် မြို့နယ်များဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်အတွက် ယင်းနယ်မြေဒေသများတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှုများရှိပြီး ရခိုင်ပြည်နယ်မှ ပြည်သူများ၏ အသံသည်လည်း လွှတ်တော်အတွင်းသို့ မရောက်နိုင်တော့ခြင်းကြောင့် လွှတ်တော်သည် ပြီးပြည့်စုံသည့် လွှတ်တော်မဟုတ်နိုင်တော့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)၏ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဝေဖန်ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲဆိုတာ ကြိုတင်ပြီးကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းရတယ်။ ငွေကြေးအမြောက်အမြားနဲ့ မဲဆွယ်စည်းရုံးရတယ်။ အခု ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်ကျော်ကျော်၊ သုံးပတ်လောက်ပဲရှိတော့တဲ့အနေအထားမှာမှ ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ငွေကြေးဆုံးရှုံးနစ်နာမှုတွေရှိတယ်။ ပြီးရင်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ နောက် ရခိုင်ပြည်သူတွေရဲ့ဆန္ဒကို ထုတ်ဖော်ပြသဖို့ မရောက်နိုင်တဲ့အနေအထားတွေကလည်း ထိခိုက်နစ်နာမှုတစ်ခုပဲ။ အဓိကကတော့ ရွေးကောက်ပွဲမလုပ်ဖြစ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲရောက်မလာနိုင်တော့ဘူး။ ရခိုင်ပြည်သူတွေရဲ့အသံကို လွှတ်တော်ထဲမှာဖော်ဆောင်ပေးမဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမရောက်ရင် အဲဒီလွှတ်တော်ဟာ ပြီးပြည့်စုံခြင်းမရှိတဲ့ လွှတ်တော်အနေအထားကို ရောက်သွားမယ်” ဟု ဒေါ်အေးနုစိန်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ သုံးသပ်ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပသည်မှာ မှန်ကန်သော်လည်း ပေါက်တောမြို့နယ်ကဲ့သို့ သေနတ်ပစ်ခတ်သံလုံးဝမရှိသည့် မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပသည့်အတွက် နားမလည်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ပလက်ဝမြို့နယ်နှင့်နှိုင်းယှဉ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာတင်သွားမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)၏ ဥက္ကဋ္ဌ ဦးခင်နုကလည်း အောက်ပါအတိုင်းသုံးသပ်ပြသည်။

“အဓိကပြောချင်တာကတော့ ကျွန်တော်တို့ပေါက်တောမြို့နယ်ဆိုတာ သေနတ်သံတစ်ချက်မှမကြားဖူးဘူး။ အစိုးရအနေနဲ့ ရွေးကောက်ပွဲဖြစ်နိုင်တဲ့မြို့နယ်တွေကို ဘာပဲပြောပြောထက်ဝက်ကျော်လောက်လုပ်ပေးတယ်ဆိုရင် ပြည်သူတစ်ဝက်ကျော်လောက်ကို ကိုယ်စားပြုတယ်လို့ယူဆပြီးတော့ ရွေးကောက်ပွဲကိုဝင်ခဲ့တာ။ အခုတော့ ပေါက်တောမြို့နယ်ကို ဘာမှတိုက်ပွဲလည်းမရှိဘူး၊ ပေါက်တောမြို့နယ်ကို ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ထည့်လိုက်တယ်။ အဲဒါဆိုရင် ပလက်ဝမြို့နဲ့ နှိုင်းယှဉ်ပြမယ်။ ပလက်ဝဆိုတာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်တဲ့နေရာပါ။ ပလက်ဝတော့လုပ်တယ်။ ဒါကြောင့် ပလက်ဝနဲ့ ပေါက်တော နှစ်မြို့နယ်ကိုယှဉ်ပြီး ရွေးကောက်ပွဲမလုပ်ဖို့ ဘယ်လိုစံနဲ့သတ်မှတ်တာလဲဆိုတာကို ကော်မရှင်ကိုစာတင်ဖို့လုပ်နေတယ်” ဟု ပေါက်တောမြို့နယ်မှရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးခင်နုက သုံးသပ်ဝေဖန်လိုက်သည်။

တိုက်ပွဲမဖြစ်ပွားသည့် ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပသည့်အတွက် ဒေသခံများက “ပါတီကြီးတွေ မဲရနိုင်တဲ့အနေအထားမရှိလို့ ဒီမြို့နယ်တွေကို ပိတ်လိုက်တာမျိုးလား” ဟု မေးခွန်းထုတ်နေကြကြောင်း၊ ပေါက်တောမြို့နယ်သည် တိုက်ပွဲမဖြစ်ပွားသော်လည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်ဖြစ်သွားသည့်အတွက် စဉ်းစားစရာဖြစ်ကြောင်း ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ပြောဆိုသည်။

“ပကတိအခြေအနေကတော့ ခြောက်မြို့နယ်လောက်က တိုက်ပွဲဖြစ်နေတဲ့ အနေအထားရှိတာပေါ့။ ပေါက်တောမြို့နယ်ဆိုရင် တိုက်ပွဲလုံးဝမရှိဘူးလို့တောင် ပြောလို့ရတယ်။ အဲဒီလိုမြို့နယ်က ရွေးကောက်ပွဲမကျင်းပတဲ့ ၉ မြို့နယ်ထဲပါသွားတယ်ဆိုတော့ ဒါလဲ နည်းနည်းစဉ်းစားစရာတစ်ခုပေါ့။ ၂၀၂၁ ခုနှစ်မှာ ပေါ်ပေါက်လာမဲ့အခြေအနေ၊ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေမှာ အဲဒီမြို့နယ်တွေရဲ့ ကိုယ်စားပြုဆွေးနွေးပြောဆိုနိုင်တဲ့ အခြေအနေအားနည်းသွားတာပေါ့။ မြို့နယ်တွေရဲ့အနေအထားပေါ်မှာ တင်ပြဆွေးနွေးအကြံပြုလို့မရဖြစ်သွားမယ်” ဟုလည်း ဦးအေးကြိုင်က သုံးသပ်ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများထက် ရွေးကောက်ပွဲမကျင်းပနိုင်သည်ံနေရာများ ပိုမိုများပြားသည့် ရွေးကောက်ပွဲအဖြစ်မှတ်တမ်းဝင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုမှုများ ရှိနေသည် ။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ − ရခိုင်အမျိုးသားပါတီ