အောင်မြင့်မိုရ် Positive ကွာရန်တင်းစင်တာမှ တာဝန်ခံ ဦးမောင်မောင်လှနှင့် ဆက်သွယ်မေးမြန်းခြင်း

“ကျွန်တော်တို့အနေနဲ့ Volunteers ခေါ်တဲ့အခါ လူမျိုး၊ ဘာသာ ခွဲခြားတာ၊ ပညာအရည်အချင်း ခွဲခြားတာမျိုး မရှိဘူး။ တကယ်အပင်ပန်းခံ လုပ်နိုင်၊ မလုပ်နိုင်ကို ဆုံးဖြတ်ပြီးခေါ်တယ်”

မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) ဓာတ်ခွဲအတည်ပြုလူနာ ၃၀၀၀၀ ကျော်ရှိလာပြီဖြစ်သလို ဆေးရုံမှ ဆင်းခွင့်ရသူလည်း ၁၀၀၀၀ ကျော်အထိရှိလာပြီဖြစ်သည်။ သေဆုံးသူဦးရေကတော့ မြင့်တက်လာခဲ့ပြီး ၆၀၀ ကျော်အထိပင် ရှိလာပြီဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မိသူများကို ကွာရန်တင်းစင်တာများတွင်ထားရှိရန် ကွာရန်တင်း စင်တာများလည်း တိုးချဲ့ဆောက်လုပ်လာခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ကွာရန်တင်းစင်တာများ၌ လိုအပ်နေသည့် အရာများ၊ ကူညီဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် စေတနာ့ဝန်ထမ်း လုပ်ဆောင်ရာတွင် ကူးစက်မခံရအောင် ဘယ်လိုမျိုး ကာကွယ်မှုတွေ လုပ်ဆောင်ရလဲစသည်တို့ကို အောင်မြင့်မိုရ် Positive ကွာရန်တင်းစင်တာမှ တာဝန်ခံနှင့် ဖောင်ကြီး ကိုဗစ်ကုသရေးဆေးရုံတွင် ကူညီဆောင်ရွက်ပေးနေသူဖြစ်သည့် ဦးမောင်မောင်လှနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး – လက်ရှိ ဆရာတာဝန်ယူထားတဲ့အပိုင်းနဲ့ ဘယ်လိုမျိုး ကူညီ ဆောင်ရွက်ပေးတာတွေ လုပ်နေလဲ။

ဖြေ – မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ Volunteer 2 ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဖြစ်ပါတယ်။ ဧပြီ ၂၂ ရက်ကတည်းကစပြီးတော့ ကျွန်တော် ဒီတာဝန်ကို ထမ်း ဆောင်တယ်။ MCC Volunteer Team အနေနဲ့ ဖောင်ကြီး ရယ်၊ တောင်ဥက္ကလာပရယ်၊ ရိုးမ ၁၊၂ ရယ်၊ အောင်မြင့်မိုရ်ရယ် လေးနေရာမှာ တာဝန်ယူပြီးတော့ Volunteer တွေနဲ့ လုပ်ကိုင်နေပါတယ်။ ကျွန်တော်ကတော့ အထူးတာဝန်အနေနဲ့ ဖောင်ကြီး ကိုဗစ် Medical နဲ့ အောင်မြင့်မိုရ် Medical စင်တာကို Care လုပ်ပေးနေပါတယ်။

မေး – စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ဝင်ရောက်လာတာ တွေရှိလား။ ရွေးချယ်တဲ့အခါမှာ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်လဲ။

ဖြေ – ကျွန်တော်တို့ အခု Volunteer တွေကို ရွေးချယ်တဲ့ဟာတွေ ရှိပါတယ်။ သူတို့ဘာသာသူတို့ လုပ်ကိုင်ချင်တယ် ဆိုတာတွေလည်း ရှိပါတယ်။ Volunteer လုပ်ချင်တဲ့သူက ကျွန်တော့်ဖုန်း Viber ထဲမှာ သူ့နာမည်လေးနဲ့ Volunteer လျှောက်ချင်လို့ပါဆိုပြီး လျှောက်ထားလာရင် ကျွန်တော် Digital ဖောင်ပို့ပေးပါတယ်။ အဲဒီ Digital ဖောင်က ကျွန်တော့် e-mail ထဲရောက်ပါတယ်။ အဲဒီတော့ အချက်အလက်တွေကို ကြည့်ပြီးတော့ သူတို့လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ တကယ်လက်တွေ့နေ့တွေမှာ သူတို့ကိုခေါ်လိုက်ပြီးတော့ သူတို့တစ်တွေ ကျန်းမာရေးကောင်း၊ မကောင်း တကယ်အပင်ပန်းခံ လုပ်နိုင်၊ မလုပ်နိုင်ကို ကျွန်တော်တို့ရဲ့ EC အဖွဲ့ကနေပြီးတော့ သူတို့ကို လူတွေ့စစ်ဆေး ဆုံးဖြတ်ပြီးတော့ လုပ်ကြပါ တယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ စံနှုန်းတွေ ဘာတွေ ထားပြီး လုပ်တာတော့မရှိဘူး။ လူမျိုး၊ ဘာသာ ခွဲခြားတာလည်း မရှိဘူး။ ပညာအရည်အချင်း ခွဲခြားတာမျိုးလည်း မရှိဘူး။ လုပ်နိုင်စွမ်းရှိတဲ့သူတွေ လုပ်ချင်ရင်တော့ ရပါတယ်။

မေး – Volunteer လိုအပ်ချက်တွေ၊ PPE လိုအပ်ချက်တွေ ရှိတယ် ကြားတယ်။ လက်ရှိ မြေပြင်အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – အရင်တုန်းကတော့ ဒီလိုနည်းတာတွေ၊ လုံလောက်မှု မရှိတာတွေ ဖြစ်နိုင်တယ်။ အခုတော့ တော်တော်လေး ပုံစံ တကျ ဖြစ်လာပြီ၊ Format ထဲ ရောက်လာပြီ။ အခုဒီမှာ ဖောင်ကြီးမှာဆိုရင်တော့ PPE ဝတ်စုံ ရှိသော်လည်း အပေါ် ကနေ ခေါင်းစွပ်အခက်အခဲတွေ ရှိနေတယ်။ အခု ကျွန် တော် ခေါင်းစွပ် အခု၂၀၀ လှမ်းမှာထားရတယ်။ အဲဒါတွေ အခက် အခဲရှိပါတယ်။ အထူးသဖြင့် PPE မှာ ခုန ကျွန်တော်ပြောသလို အခက်အခဲတွေ ရှိနေတယ်။

မေး – ဆရာတို့ Positive ကွာရန်တင်းစင်တာမှာ အဓိက လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ – ကျွန်တော်တို့ အဓိကကတော့ Glass ပြဿနာ၊ ကျွန်တော်တို့က တကယ်တမ်းသုံးရင် Surgical Glass ကို သုံးရမှာ၊ အခုလက်ရှိ ရောက်တာက ဒီထက်ပါးတယ်။ နောက်ထွက်တဲ့ဟာတွေက ဒီထက်ပါးတယ်။ Surgical Glass ဆိုပြီး ရောက်လာတာတွေရှိတယ်။ တကယ်တမ်း အဲဒါတွေက ကျွန်တော်တို့ Volunteer ကလေးတွေအတွက် လုံခြုံမှု မရှိဘူး။ အဲဒီတော့ Glass မှာလည်း သူ့အမျိုးအစားအလိုက် အခက်အခဲလေးတွေတော့ နည်းနည်းပါးပါး ရှိနေပါတယ်။ ကျွန်တော်က Positive စင်တာမှာ Care လုပ်ရတဲ့သူဆိုတော့ အခက်အခဲတွေကတော့ ကျွန်တော်ခုနက ပြောသလိုပါပဲ။ တစ်ခါတလေကျရင်လည်း ဝေါခနဲ လှူတဲ့သူတွေက ရောက်လာတဲ့အခါကျပြန်တော့လည်း အဆင်ပြေသွားတယ်။

“ထောက်ပံ့မှုတွေတော့ မရပါဘူး။ ကျွန်တော်တို့ဘက်ကလည်း Volunteers တွေကို ဘာမှ ထောက်ပံ့ပေးနိုင်တာ မရှိဘူး။ နိုင်ငံတော်ဘက်ကတော့ မနေ့က အောင်မြင့်မိုရ်စင်တာက ကလေးတွေအတွက် ထွေအုပ်ကနေပြီးတော့ ဖုန်းဘေလ်တွေ ထည့်ပေးတယ်။”

မေး – လက်ရှိ စေတနာ့ဝန်ထမ်းတွေ ခေါ်နေတာမျိုးရှိလား။

ဖြေ – လက်ရှိတော့ ကျွန်တော်တို့ဆီမှာ စေတနာ့ဝန်ထမ်း Volunteer တွေ ခေါ်နေတာ ရှိပါတယ်။ ကျွန်တော် ဖောင်တွေ ပို့ပေးနေတာတွေရှိတယ်။ သူတို့ ဖုန်းဆက်လာရင် ကျွန်တော် လက်ခံတယ်။ Viber ထဲကို hi လုပ်ပေးပါ။ ကျွန်တော်ပြောတယ်။သူတို့နာမည်လေးတွေနဲ့ Volunteer လျှောက်ချင်လို့ဆိုပြီး စာလေးရေးလိုက်ရင် ကျွန်တော် ပို့ပေးနေပါတယ်။ Digital Form နဲ့ လုပ်ထားတဲ့အတွက် ကျွန် တော်တို့ဘက်က မြန်တယ်။

မေး – ဆရာတို့ စေတနာ့ဝန်ထမ်း Volunteer တွေအနေနဲ့ ကူညီ ဆောင်ရွက်တာတွေလုပ်တဲ့အခါ ကူးစက်ခံရတာ ရှိလား။

ဖြေ – ကူးစက်မှုမရှိအောင်တော့ ကြိုတင်ပြင်ဆင်ရတာပေါ့။ ကျွန်တော်တို့လည်း Training တွေပေးရတယ်။ လေ့ကျင့် တာတွေ လုပ်ပေးတယ်။ ကျွန်တော်တို့ Volunteer တွေကို နှစ်ဆင့်ပေးတယ်။ ကျွန်တော်တို့ ပေးသလို ဆေးရုံရောက်ရင် လည်း ဆေးရုံက ဆရာဝန်ကြီးတွေ ဆရာဝန်မကြီးတွေလည်း ပြန်ပေးခိုင်းတယ်။ အဲဒီလိုမျိုးလေးတွေတော့ လုပ်ပေးတယ်။ ကူးစက်မှုမဖြစ်အောင်၊ ကူးစက်မှုမခံရအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးရတာပေါ့။

မေး – ကူးစက်ခံရတာတွေရောရှိလား။ ကူးစက်မခံရအောင် ဘယ်လိုမျိုး ကာကွယ်မှုတွေလုပ်ဆောင်လဲ။

ဖြေ – ကျွန်တော်တို့ အောင်မြင့်မိုရ် ကိုဗစ်စခန်းမှာ ၄၀၀ ကျော်ပါပြီ။ ကူးစက်မှုခံရတာတွေတော့ ရှိတာပေါ့။ ကျွန် တော် တို့ထဲမှာဆိုရင်လည်း ရှိတယ်။ ကျွန်တော်တို့ထဲမှာက အခုဆို ရင် အကုန်ပျောက်သွားပြီ။ အားလုံး လုပ်ငန်းခွင် ပြန်ဝင်နေပြီ။ အကုန်လုံး Normal ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက တော်တော်နည်းပါတယ်။ နှစ်ယောက်၊ သုံးယောက်ပဲ။ အခုတော့ ပြန်ဝင်ပြီး ပြန်ပြီးတော့ Volunteer လုပ်ငန်းတွေ လုပ်နေကြပြီ။

မေး – စေတနာ့ဝန်ထမ်း Volunteer အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုတွေကောရလား။

ဖြေ – ထောက်ပံ့မှုတွေတော့ မရပါဘူး။ ကျွန်တော်တို့ ဘက်ကလည်း Volunteer တွေကို ဘာမှ ထောက်ပံ့ပေးနိုင်တာ မရှိဘူး။ နိုင်ငံတော်ဘက်ကတော့ မနေ့က အောင်မြင့်မိုရ်စင်တာက ကလေးတွေအတွက် ထွေအုပ်ကနေပြီးတော့ ဖုန်း ဘေလ်တွေ ထည့်ပေးတယ်။ ဒါမျိုးတွေတော့ ရှိတယ်။ အခု ဒီဘက်မှာလည်း အလှူရှင်တွေနဲ့ တစ်ယောက် တစ်သောင်း မျိုး ပေးတာတွေရှိတယ်။ ကျန်တာတွေကတော့ လိုတဲ့အပေါ်မှာ လှူဒါန်းပေးတာတွေရှိပါတယ်။

မေး – ကိုဗစ်(၁၉) Positive အတည်ပြုလူနာတွေကို ဘာများ အားပေးစကားပြောချင်လဲ။

ဖြေ – အဓိကကတော့ အားလုံးတောင့်ခံပါ။ ကျန်းမာအောင်နေပါ။ စည်းမျဉ်း၊ စည်းကမ်းတွေကိုလိုက်နာပါ။ ကိုယ့်ကိုယ် ကိုယ်အားရှိအောင်နေရင် ဒီရောဂါက ပျောက်ကင်းမှာပါ။

မေး – ဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ – အားလုံးကျန်းမာကြပါစေ။ Volunteer တွေ အားလုံးကိုလည်း ကျွန်တော်တို့ မေတ္တာပို့ပါတယ်။ ဆုတောင်းပေးပါတယ်။ အားလုံး ဒီရောဂါကနေ ကင်းရှင်းနိုင်ကြပါစေ။

စံတော်ချိန်သတင်းအဖွဲ့ -ဆက်သွယ်မေးမြန်းသည်