သင်္ဘောများ ကုန်တင်ကုန်ချနှင့် ဝင်ထွက်နိုင်ရေး အွန်လိုင်းအသုံးပြု ဆောင်ရွက်နေ

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားဆဲ ကာလတွင် သင်္ဘောများ ကုန်တင်ကုန်ချ လုပ်ငန်းများနှင့် ဆိပ်ကမ်းများသို့ အဆင် ပြေစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် အွန်လိုင်းအသုံးပြုကာ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း ယင်းဌာနမှ သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန လက်ထောက် အထွေထွေမန်နေဂျာ ဦးစိန်ဝင်းက ”ဒီကာလမှာ ကျွန်တော်တို့ ရုံးကိုလာပြီး လုပ်ငန်းဆောင်ရွက်ကြတဲ့ ထုတ်ကုန် လုပ်ငန်းရှင်တွေ၊ သွင်းကုန်လုပ်ငန်းရှင် တွေ၊ ကိုယ်စားလှယ်တွေအနေနဲ့ မဖြစ် မနေ လာရောက်ဆောင်ရွက်ရမယ့် အပိုင်း လောက်ကိုပဲ ဆောင်ရွက်ပြီးတော့ အချို့ ကိစ္စတွေမှာ အီးမေးလ်နဲ့ အွန်လိုင်းကနေ ဆက်သွယ် ပြီး ဆောင်ရွက်ပေးနေပါတယ်”ဟု ပြောကြားသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများနှင့် သင်္ဘောများ အဆင်ပြေချောမွေ့စွာ ဝင်ရောက် ဆိုက်ကပ် ထွက်ခွာနိုင်ရေးတို့ အတွက် သက်ဆိုင်ရာ ဆိပ်ခံဗောတံတားများမှ တာဝန်ခံများ၊ သက်ဆိုင်ရာသင်္ဘောလိုင်း ဌာနေကိုယ်စားလှယ်များနှင့် နေ့စဉ် Berthing Meeting အစည်းအဝေးကျင်းပရာတွင် ယခင်က ပုံမှန်သာ ကျင်းပခဲ့သော်လည်း ယခု COVID-19 ရောဂါ ဖြစ်ပွား နေသည့်ကာလတွင် အွန်လိုင်းအသုံးပြု၍ အစည်းအဝေးများ ပုံမှန်ကျင်းပလျက်ရှိသည်။

“လက်ရှိကိုဗစ်ကာလမှာ လေကြောင်းတွေကလည်း ပိတ်တယ်။ တခြားနယ်စပ်ဌာနတွေကလည်း ပိတ်တယ်ဆိုတော့ ကျွန်တော်တို့ရေကြောင်းကပါ ပိတ်လိုက်မယ်ဆိုရင် အဆင်မပြေတော့ဘူး။ ဒါကြောင့် ကိုဗစ်ကာလမှာ မြန်မာတစ်နိုင်ငံလုံး ထုတ်ကုန်သွင်းကုန် အကုန်လုံးကို ရေကြောင်းကပဲ ဆောင်ရွက်နေတာရှိပါတယ်။ အရင်က ဆို ၈၅ ရာခိုင်နှုန်း၊ အခုဆို ရာနှုန်းပြည့် ဆိပ်ကမ်းကပဲ တာဝန်ယူပြီး ဆောင်ရွက်နေပါတယ်။ ကိုဗစ်ဖြစ်တာကြောင့် ဆိပ်ကမ်းကို သင်္ဘောအဝင်အထွက်တွေလျော့သွားတယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ဆီက ကန့်သတ်လိုက်ပြီဆိုရင် ဝန်ဆောင်မှုတွေ တော်တော်များများ အကျပ်အတည်းဖြစ်သွားမှာပါ။ Pilot တွေစီစဉ်တဲ့ နေရာမှာလည်း သင်္ဘောတစ်စင်းမဝင်ခင် သုံးရက်အလိုကတည်းက သင်္ဘောရဲ့အခြေအနေကို လှမ်းသတင်းပေးတယ်။ ဒါပေမဲ့ သင်္ဘောတွေမှာ တစ်ယောက်ယောက် နေမကောင်းတာပါပြီဆိုရင် Pilot တွေ PPE ဝတ်စုံတွေဝတ်ပြီး မောင်းရပါတယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနမှ ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင်က ပြောဆိုသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ်အတွင်း ရေစူးများပြီး တန်ချိန်ကြီးမားသော သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအသစ်ကို ရှာဖွေခဲ့ရာ ရေစူး ၉ ဒသမ ၃ မီတာရှိ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းအသစ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းအတွင်း လက်ရှိအသုံး ပြုနေသော မူလရေလမ်းကြောင်းအပြင် ရေစူးပိုမိုများပြားပြီး တန်ချိန်ကြီးမားသော သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည်သာမက သောင်တူးဖော်ခြင်း လုပ်ငန်းကြောင့် ရင်ဆိုင်နေရသည့် နှစ်စဉ်ကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်သည့် သဘာဝရေလမ်းကြောင်းအသစ်တစ်ခု ရှာဖွေခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

သတင်း – အိဟေမာ
ဓာတ်ပုံ – ပို့ဆောင်ရေး