အင်းယားစင်တာမှ COVID-19 လူနာ ၂၈၀ ကျော် ဆေးရုံဆင်းခွင့်ရ

အင်းယား ကိုဗစ်စတင်တာ စဖွင့်လှစ်သည့် အောက်တိုဘာ ၁၁ ရက်မှ ယနေ့(အောက်တိုဘာ ၁၈ ရက်) ထိ COVID-19 အတည်ပြုလူနာ ၂၈၀ ကျော်သည် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

“အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့ လူနာ ၁၈၂ ဦးကို ဒုတိယအသုတ်အဖြစ် အိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်” ဟု အင်းယားစင်တာက ထုတ်ပြန်ထားသည်။

အင်းယားစင်တာတွင် COVID-19 အတည်ပြုလူနာများကို Oxygen Therapy ခုတင် ၁၀၄ ခု၊ လူနာခုတင် ၄၁၂ ခု စုစုပေါင်း ခုတင် ၅၁၆ ခုတင်ထားရှိကုသပေးနေခြင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ကုသပေးလျက်ရှိသည်။

အင်းယားစင်တာ၌ လိုအပ်ပါက အဆောင်များတိုးချဲ့၍ ခုတင် ၁၀၀၀ အထိ ထားရှိကုသပေးနိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း သိရသည်။ ယခုစင်တာတွင် အရေးပေါ်လူနာများကို ကုသပေးနိုင်ရန် High-Dependency Unit: HDU ၁၆ ခုတင် တစ်ပါတည်း ထည့်သွင်းဆောက်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများကိုကုသပေးနေသည့် ဆေးရုံများ၊ စင်တာအသီးသီးမှ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၁၆၃၇၀ ဦးရှိပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – Inya Center