မော်လမြိုင် သံလွင်အေးငါးဒိုင်အအေးခန်းမှ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူ ၃၀၀ ကျော်ရှိ

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သံလွင်အေးငါးဒိုင် အအေးခန်းမှ ပိုးတွေ့လူနာ ၆၇ ဦးနှင့်ထိတွေ့ခဲ့သူ ၃၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၇ ရက်) က တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၉ ဦးအနက် ၆၇ ဦးမှာ သံလွင်အေးငါးဒိုင်အအေးခန်းမှ အလုပ်သမားများဖြစ်ပြီး မော်လမြိုင်မှ ၅၂ ဦးနှင့် မုတ္တမမှ ၁၅ ဦးဖြစ်ကြောင်း မွန်ပြည်နယ် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံက စံတော်ချိန်သို့ အတည်ပြုပြောသည်။

“အအေးခန်းက အလုပ်သမားတစ်ယောက် အနံ့မရလို့ လာပြရာကနေ ပိုးတွေ့တယ်။ သူနဲ့ ထိတွေ့ခဲ့သူ Primary Contact ၈၀ ကျော်ကို စစ်တော့ ၆၇ ယောက်မှာပိုးတွေ့တယ်။ အဲဒီ ၆၇ ယောက်ရဲ့ contact က ၃၀၀ ကျော်ရှိတယ်။ မော်လမြိုင်ရယ်၊ ပေါင်နဲ့ မုတ္တမဘက်က လူတွေပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ၎င်းတို့အား မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ဆယ်မြို့နယ်ဆောင်၌ Quarantine ဝင်ခိုင်းထားပြီး အောက်တိုဘာ ၁၉ ရက်တွင် ဓာတ်ခွဲနမူနာ (Swab) ယူပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဝတ်မှုံ က ပြောသည်။

ယနေ့(အောက်တိုဘာ ၁၈ ရက်)နံနက်ပိုင်းအထိ မွန်ပြည်နယ်၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅၁၁ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိပြီဖြစ်သည်။

သတင်း – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – ဇင်မိုး/မော်လမြိုင် RESCUE ကွန်ရက်