တာမွေမြို့နယ်မှ (တစည)ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကွယ်လွန်

တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးအေးသိန်းသည် ယမန်နေ့(အောက်တိုဘာ ၁၇ ရက်) ညနေပိုင်းက ဦးနှောက်နှင့်အာရုံကြောထိခိုက်မှုဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ကွန်လွန်သူ ဦးအေးသိန်းမှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ချော်လဲရာမှ ဦးနှောက်ထဲသွေးရောက်သွားသည့်အတွက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဦးအေးသိန်းနှင့်နီးစပ်သူ တာမွေမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် တစညကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

“သောကြာနေ့က မာလာနွယ်လမ်းထိပ်မှာရှိတဲ့ သတင်းစာရောင်းတဲ့ဆိုင်မှာ သတင်းစာသွားဝယ်တာ။ ချော်လဲပြီး ခေါင်းနဲ့လမ်းနဲ့ ထိမိသွားတယ်။ သိပ်မကြာခင်မှာ သတိလစ်သွားတော့ ပုဂ္ဂလိကဆေးရုံကိုပို့လိုက်တယ်။ အဲဒီကနေမှ ခွဲစိတ်ဖို့လိုတယ်ဆိုလို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ အရေးပေါ်အခန်းမှာထားတယ်။ အဲဒီကနေ နောက်နေ့ညနေအထိ သတိမရဘူး။ ဦးနှောက်သွေးကြောပေါက်သွားတဲ့သဘောပေါ့။ အဲဒါနဲ့ ကွယ်လွန်သွားတာပါ” ဟု ဦးဝင်းထိန်က ပြောသည်။

မှတ်ပုံတင်ပြီးသား ကိုယ်စားလှယ်လောင်းတစ်ဦးကွယ်လွန်သွားခြင်းအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြား၍ ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌဦးဟန်ရွှေက ပြောသည်။

ကွယ်လွန်သူ ဦးအေးသိန်းမှာ ၂၀၁၀ ရွေးကောက်ပွဲတွင်း တစညပါတီကိုယ်စားပြု၍ တာမွေမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တာမွေမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိပြီး ယင်းထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမြင့်လည်း ဝင်ရောက်အရွေးချယ်ခံမည့်မဲဆန္ဒနယ်မြေဖြစ်သည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ရန်ကုန်တိုင်း