ဆိုးရွားလွန်းတဲ့ ဖျက်ထုတ်မှုအတွက် အယ်လ်ကန်တာရာကို ရစ်ချာလီဆန် ပြန်တောင်းပန်

စနေနေ့က ၂ ဂိုးစီသရကျတဲ့ အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူးကွင်းလယ်လူ အယ်လ်ကန်တာရာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မိတဲ့အတွက် အဲဗာတန်တောင်ပံကစားသမား ရစ်ချာလီဆန်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ရစ်ချာလီဆန်ရဲ့ဖျက်ထုတ်မှုကြောင့် အယ်လ်ကန်တာရာဟာ ပွဲအပြီးမှာ လီဗာပူးမြို့က ဆေးရုံတစ်ရုံကို ချက်ချင်းသွားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ခံယူခဲ့ရပါတယ်။

သူ့လုပ်ရပ်နဲ့ပတ်သက်လို့ ရစ်ချာလီဆန်က “သီယာဂိုကို နာကျင်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော် ဖျက်ထုတ်တာမဟုတ်ပါဘူး။ သူ့ကိုမက်ဆေ့ပို့ပြီး တောင်းပန်ခဲ့ပါတယ်။ ဒီအကြောင်းကို အားလုံးသိအောင်ထပ်ပြောချင်ပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဲဒီပွဲမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျကို ခြေစုံပစ်ဝင်ဖျက်ထုတ်တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့လုပ်ရပ်က ပိုဆိုးခဲ့ပြီး နောက်ဆုံးသတင်းတွေအရ ဗန်ဒိုက်ခ်ျဟာ အနည်းဆုံး ၈ လလောက်အထိနားရဖွယ်ရှိနေကြောင်း The Sun သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – The Sun.co.uk
သတင်း – မောင်ဇေယျ