COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများစာရင်းတွင် မြန်မာ အဆင့် ၇၆ သို့ရောက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ယနေ့(အောက်တိုဘာ ၁၈ ရက်)မြန်မာစံတော်ချိန် နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်အထိထုတ်ပြန်ချက်အရ လတ်တလော COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၉၀ တွင် မြန်မာနိုင်ငံက အဆင့် ၇၆ သို့ ရောက်ရှိလာကြောင်း သိရသည်။

COVID-19 ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိလူသေဆုံးမှုနှုန်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေပြီး ရောဂါဖြစ်ပွားမှုအများဆုံး ဒုတိယနေရာတွင်ရပ်တည်နေသည့် အိန္ဒိယနိုင်ငံ၏ လူသေဆုံးမှုရာခိုင်နှုန်း ၁ ဒသမ ၅ ထက် ပိုမိုမြင့်မားနေသည်။

ထုတ်ပြန်ချက်များအရ COVID-19 ကြောင့် လူသေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံမှာ ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများအဆင့် ၉ ၌ရှိနေသည့် မက္ကဆီကိုနိုင်ငံဖြစ်ပြီး ၁၀ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေကာ သေဆုံးသူပေါင်း ၈၅,၂၈၅ ဦးအထိရှိလာသည်။

မြန်မာနိုင်ငံ၏ လက်ရှိရောဂါဖြစ်ပွားမှုနှုန်းအရ မြန်မာနိုင်ငံ၏အထက်အဆင့် ၇၅ တွင်ရှိနေသည့် ဆားဘီးယားနိုင်ငံကို တစ်ရက်အတွင်းကျော်တက်နိုင်ဖွယ်ရှိပြီး ဆားဘီးယားနိုင်ငံ၏ လူသေဆုံးမှုနှုန်းမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌လက်ရှိအချိန်အထိ COVID-19 ရောဂါဖြစ်ပွားသူ ၃၄,၈၇၅ ဦးရှိလာပြီး သေဆုံးသူ ၈၃၈ ဦးရှိပြီဖြစ်သည်။

သတင်း – နေသွေးဈာန်
ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်