ရွှေမြိုင်သီရိစာသင်တိုက်မှ သီလရှင် ၄၃ ပါး COVID -19 ရောဂါပျောက်ကင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရွှေမြိုင်သီရိစာသင်တိုက်မှ သီလရှင် ၄၃ ပါးသည် COVID -19 ရောဂါပျောက်ကင်း၍ ယနေ့ (အောက်တိုဘာ ၁၈ ရက်) တွင် စာသင်တိုက်သို့ ပြန်ခွင့်ရပြီဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်မှ ဆရာလေးတစ်ပါးကမိန့်ကြားသည်။

“ဆရာလေးတို့ ၄၃ ပါး ဒီနေ့ပြန်ခွင့်ရပြီ။ ကျောင်းမှာ နှစ်ပတ်လောက် ဘယ်သူနဲ့မှမထိတွေ့ဘဲနေရဦးမယ်ပြောတယ်။ ၃၃ ပါးကျန်သေးတယ်။ တစ်ပါးက အနံ့မရလို့။ ကျန်တဲ့ ဆရာလေးတွေက ချောင်းဆိုးတာတွေ ကျန်နေသေးလို့ စိတ်မချရသေးဘူးဆိုပြီး ပေးမဆင်းသေးဘူး” ဟု ဆရာလေးက မိန့်ကြားသည်။

ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်တွင် ဆရာလေး ၈၅ ပါး ရှိပြီး ၇၇ ပါးသည် အောက်တိုဘာ ၈ ရက်က COVID -19 ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာ၌ Quarantine ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

စာသင်တိုက်မှ ပဓာနနာယက ဆရာကြီး ဒေါ် ဣန္ဒာစာရီ သက်တော် (၇၃) နှစ်သည် COVID-19 ရောဂါဖြစ်ပွားပြီး နှစ်ရက်အကြာ အောက်တိုဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သည်။

သတင်း – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – မစရိတဉာဏီ